
နေပြည်တော် ဒီဇင်ဘာ ၁၈
မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ဂေါက်သီးရိုက်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၃ရက်မှ ၁၆ ရက်အထိ နေပြည်တော်ရှိ မြို့တော်ဂေါက်ကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံမှ ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်တစ်ခု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ တစ်ဦးချင်းအမျိုးသားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ လှိုင်မင်းထက်က သတ်မှတ်ရိုက်ချက်ထက် တစ်ချက် လျော့ရိုက်ကာ စုစုပေါင်းရိုက်ချက် ၂၈၇ ချက်ဖြင့် ပထမဆုကို လည်းကောင်း၊ ထိုင်းနိုင်ငံမှ ဒုတိယဆုနှင့် တတိယဆုတို့ကိုလည်းကောင်း ရရှိခဲ့ကြသည်။ အလားတူ တစ်ဦးချင်းအမျိုးသမီးပြိုင်ပွဲတွင် ဧကရီဝင်းထွန်းက သတ်မှတ်ရိုက်ချက်ထက် ရှစ်ချက်ပိုရိုက်ကာ စုစုပေါင်းရိုက်ချက် ၂၉၆ ချက်ဖြင့် ဒုတိယဆု ဆွတ်ခူး ရရှိခဲ့သည်။
ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် မလေးရှားနိုင်ငံတို့မှ နိုင်ငံတက္ကသိုလ် လက်ရွေးစင် အားကစားသမားပေါင်း ၃၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဂေါက်သီး အားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။