ရန်ကုန်၊ ဒီဇင်ဘာလ( ၂၂ )ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံး တစ်မျိုးသားလုံး အမျိုးသားအားကစားစိတ်ဓါတ်အပြည့်အ၀ဖြင့် ပြည်သူလူထုတစ်ရပ်လုံးလှုပ်ရှား ပါ၀င်ဆင်နွှဲစေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလ စတုတ္ထပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်(၅)နာရီခွဲက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှ စတင်တာထွက်ရာ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် အစိုးရအဖွဲ့ ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် (အား/ကာ)ခရိုင်/မြို့နယ် အရာရှိများ၊ ဖိတ်ကြားထားသူများ၊ မြို့နယ်ပေါင်းစုံမှ ပြည်သူလူထုများ၊ ကျောင်းသား/ ကျောင်းသူများ၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ ကျောင်းသူများ၊ ဘင်ခရာနှင့် ပန်းပွားအက ကျောင်းသူလေးများနှင့်အတူ တပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲကို ပါ၀င်ဆင်နွှဲခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း က သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးခဲ့ရာ စုပေါင်းလမ်းလျှောက်ပွဲကို ပြည်သူ့ရင်ပြင် ပြည်လမ်းထွက်ပေါက်မှ စတင်တာထွက်၍ အလုံလမ်းမှ ဗဟိုလမ်းအတိုင်း၊ ဗဟိုလမ်းမှ ရှင်စောပုလမ်း အတိုင်းပြည်လမ်းရှိ ပြည်သူ့ရင်ပြင်သို့ ပြန်လည်ပန်း၀င်၍ မြို့နယ်အလိုက် လူဦးရေ ၄၇၀၀၀ခန့်ပြည်သူများက စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အစီအစဉ် အတွဲအမှတ်(၁/၂)တို့နှင့် Myanmar Fitness Dance အကလေ့ကျင့်ခန်းများပြုလုပ်ကြပြီး လမ်းလျှောက်ပွဲ ပါ၀င်ဆင်နွှဲကြသော ကျောင်းသား/ ကျောင်းသူများအားMega Co.,Ltd မှ NUTRIVITA အင်္ကျီများ လှူဒါန်းခြင်း၊ Lotte MGS ကုမ္ပဏီမှအချိုရည်များလှူဒါန်းခြင်းနှင့် ပြည်သူများအား 100 Plus အားဖြည့် အချိုရည်များနှင့် Calsome ကွေကာများ တိုက်ကျွေးကူညီခဲ့ကြောင်း သတင်းရရှိသည်။