spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဟောင်ကောင်လူငယ် ဖိတ်ခေါ်ပြိုင်ပွဲတွင်မြန်မာလူငယ်နှစ်သင်း ယှဉ်ပြိုင်မည်

ဟောင်ကောင်လူငယ် ဖိတ်ခေါ်ပြိုင်ပွဲတွင်မြန်မာလူငယ်နှစ်သင်း ယှဉ်ပြိုင်မည်

 

ရန်ကုန်  ဒီဇင်ဘာ  ၂၃။  

ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပမည့်  ဟောင်ကောင် ဖိတ်ခေါ်ပြိုင်ပွဲ (Jockey Club International Youth Invitational Football Tournament)တွင် မြန်မာလူငယ်အသင်းများ   ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံ ဖိတ်ကြားခဲ့ရာ မြန်မာယူ-၁၉ အသင်းနှင့် ယူ-၁၅  အမျိုးသားအသင်းတို့  ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာယူ-၁၅   အမျိုးသားအသင်းကို ဂျပန်နိုင်ငံသား မြန်မာဘောလုံးအကယ်ဒမီ (မန်တလေး)နည်းပြ တာကူမူက ကိုင်တွယ်နေပြီး အကယ်ဒမီမှ  ကစားသမားအများစုဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။  လက်ရှိတွင် မြန်မာ ယူ-၁၉ အမျိုးသား အသင်းကို ဖွဲ့စည်းထားခြင်း မရှိသောကြောင့် လာမည့်နှစ်တွင် အာဆီယံ ယူ-၁၈   ပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများ ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသည့် မြန်မာ ယူ-၁၈ အသင်းဖြင့် ယှဉ်ပြိုင်ဖွယ်ရှိနေသည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးညီညီလတ်က ကိုင်တွယ်လျက်ရှိပြီး ၂ဝ၁၈ ခုနှစ်တွင် ဖွဲ့စည်းထားသည့် မြန်မာ ယူ-၁၆ အသင်းကို ပြောင်းလဲဖွဲ့စည်းထားခြင်းဖြစ်သည်။ မြန်မာ ယူ-၁၅ အသင်းမှာလည်း ၂ဝ၁၉ ခုနှစ်တွင် အာဆီယံ ယူ-၁၅ ပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။   ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အခြားဘောလုံးအဖွဲ့ချုပ်များနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်ရေးနှင့် လူငယ် ကစားသမားများအတွက် နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံရရှိစေရေး ရည်ရွယ်ကျင်းပခြင်း ဖြစ်ပြီး ၂ဝ၁၉ ခုနှစ် ဧပြီ ၁၉ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လာမည့်နှစ်တွင် အာရှနှင့် အာဆီယံအဆင့်ပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် အသင်းများ ပြိုင်ပွဲအတွေ့အကြုံရရှိစေရန် ဖိတ်ခေါ် ပြိုင်ပွဲများအား စဉ်ဆက်မပြတ် ယှဉ်ပြိုင်စေလျက်ရှိသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9F%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA-%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%8A%E1%80%BA