ကော့သောင်း ဒီဇင်ဘာ ၂၃
မြန်မာ(ကော့သောင်း)-ထိုင်း(ရနောင်း)နှစ်နိုင်ငံ ငါးကြိမ်မြောက် ချစ်ကြည်ရေးစက်ဘီးစီးနင်းပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီက ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက် နာရီစင်ရှေ့၌ ကျင်းပသည်။
အဆိုပါ ချစ်ကြည်ရေးစက်ဘီးစီးနင်းပွဲကို ထိုင်းနိုင်ငံ ရနောင်းခရိုင်မှ စက်ဘီးစီးသမားများ၊ မြန်မာနိုင်ငံ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်များ ပူးပေါင်းကာ စက်ဘီးစီးသမား ၆၅၆ ဦးတို့က ကော့သောင်းမြို့မှ ၂၇ကီလိုမီတာခရီးရှိသည့် မလိဝမ်းကျေးရွာအထိ ခရီးရှည် တပျော်တပါးချစ်ကြည်ရေး စက်ဘီးစီးနင်းကြပြီး ချစ်ကြည်ရေး စက်ဘီးစီးအဖွဲ့က ကော့သောင်းမြို့ မလိဝမ်းကျေးရွာ ရှမ်းဘုန်းတော်ကြီးကျောင်း နှင့် ရွှေတောင်ဦးဘုန်းတော်ကြီးကျောင်း မိဘမဲ့ကလေးများ ဂေဟာတို့သို့လှူဒါန်းငွေနှင့် ထောက်ပံ့ပစ်စည်းများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားသို့ ကော့သောင်းဒုတိယခရိုင် အုပ်ချုပ်ရေးမှူးနှင့်ရနောင်း ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊နှစ်နိုင်ငံခရီးသွားနှင့် အားကစားရေးရာဌာနမှ တာဝန်ရှိသူများ၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ ကော့သောင်း-ရနောင်းခရိုင်ကုန်သည်ကြီးများအသင်း၊ကော့သောင်းခရိုင်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊Grand Andaman Hotel နှင့် PTTEP ကုမ္ပဏီမှတာဝန်ရှိသူများ၊ရနောင်းခရိုင်စက်ဘီးစီး အသင်းမှ စက်ဘီးစီးသမားများ၊ မြန်မာနိုင်ငံ မြိတ်ခရိုင်၊ကော့သောင်းခရိုင်မှ စက်ဘီးစီးအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ကြသည်။
အဆိုပါ နှစ်နိုင်ငံချစ်ကြည်ရေးစက်ဘီးစီးနင်းပွဲကို ကော့သောင်းမြို့တွင် (၅)ကြိမ်မြောက် ခရီးစဉ်အဖြစ် စီးနင်းကျင်းပခြင်းဖြစ်ပြီးအာဆီယံမိသားစုဝင်နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေး၊အာရှဒေသဆိုင်ရာနှစ်နိုင်ငံ နယ်စပ်ခရိုင်များမှ ပြည်သူများ အပြန်အလှန်ခရီးသွားလုပ်ငန်း၊ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။