spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် အာဆီယံအဆင့်ပြိုင်ပွဲများတွင် မြန်မာအသင်းများ ၀င်ရောက်ယှဉ်ပြိုင်မည်

၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် အာဆီယံအဆင့်ပြိုင်ပွဲများတွင် မြန်မာအသင်းများ ၀င်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

၂၀၁၉ ခုနှစ်တွင်ကျင်းပမည့် အာဆီယံအဆင့်ပြိုင်ပွဲများတွင် မြန်မာအသင်းများ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် ဒီဇင်ဘာ ဒုတိယပတ်ကကျင်းပသည့် ကောင်စီအစည်းအဝေးတွင် ပြိုင်ပွဲကျင်းပမည့်ရက်တို့ကို အတည်ပြုခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲစုစုပေါင်း ခြောက်ခုကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲများအဖြစ်ကျင်းပမည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ဖေဖော်ပါရီ ၁၈ ရက်မှ မတ် ၂ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌လည်းကောင်း၊ အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲကို မေ ၁၀ ရက်မှ ၂၂ ရက်အထိ ထိုင်းနိုင်ငံ၌လည်းကောင်း၊ အာဆီယံ ယူ-၁၅ အမျိုးသားပြိုင်ပွဲကို ဇူလိုင် ၂၂ရက်မှ သြဂုတ်လ ၉ ရက်အထိ ထိုင်းနိုင်ငံ၌လည်းကောင်း၊ အာဆီယံ ယူ-၁၈ ပြိုင်ပွဲကို သြဂုတ် ၄ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ၌လည်းကောင်း၊ အာဆီယံအမျိုးသမီးပြိုင်ပွဲကို သြဂုတ် ၁၆ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ၌လည်းကောင်း၊ အာဆီယံဖူဆယ် ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်မှ ၂၇ ရက်အထိ ဗီယက်နမ်နိုင်ငံ၌လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။

မြန်မာအသင်းသည် ပြိုင်ပွဲအားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပါ၀င်ယှဉ်ပြိုင်မည့်အသင်းအများစုမှာ လေ့ကျင့်မှုများပြုလုပ်လျက်ရှိသည်။

၂၀၁၉ ခုနှစ်တွင် ပထမဆုံးပြိုင်ပွဲအဖြစ် အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ကျင်းပသောကြောင့် အသင်းအများစုမှာ ဆီးဂိမ်းအသင်းများဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲသို့ ပါ၀င်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယဆုရရှိခဲ့ပြီး ယင်းပြိုင်ပွဲ အပါအ၀င် မတ်လတွင် ယှဉ်ပြိုင်ရမည့် အာရှ ယူ-၂၃ ခြေစစ်ပွဲအတွက်လည်း ယခုလအတွင်း၌ ပြန်လည်လေ့ကျင့်သွားမည်ဖြစ်ကြောင်းသိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%99%E1%80%8A%E1%80%B7%E1%80%BA-%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6%E1%80%A1%E1%80%86%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8