spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ရန်ကုန်နှင့် ရှမ်းယူနိုက်တက်ယှဉ်ပြိုင်မည့် ချာရတီဖလားပြိုင်ပွဲ ဇန်နဝါရီ ၆ ရက် ကျင်းပမည်

ရန်ကုန်နှင့် ရှမ်းယူနိုက်တက်ယှဉ်ပြိုင်မည့် ချာရတီဖလားပြိုင်ပွဲ ဇန်နဝါရီ ၆ ရက် ကျင်းပမည်

 

ရန်ကုန် ဒီဇင်ဘာ ၂၄။

မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသည့် ၂ဝ၁၉ ချာရတီဖလားပြိုင်ပွဲကို ဇန်နဝါရီ ၆ ရက်တွင် အောင်ဆန်းကွင်း၌ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ယခုအကြိမ် ကျင်းပမည့်ပြိုင်ပွဲကို ညနေ ၃ နာရီခွဲ တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဝင်ကြေးအဖြစ် အထူးတန်း ကျပ် ၂ဝဝဝ၊ ရိုးရိုးတန်း ကျပ် ၁ဝဝဝ သတ်မှတ်ထားပြီး ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ်သည်။ ချာရတီ ဖလားပြိုင်ပွဲမှရရှိသည့်ဝင်ကြေးများ အားလုံးကို နှစ်စဉ် လှူဒါန်းနေကျအတိုင်း ပရဟိတကျောင်း များသို့ ပြန်လည်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ၂ဝ၁၂ ရာသီမှ စ၍ အမှတ်ပေးချန်ပီယံအသင်းနှင့် ရှုံး/ထွက် ချန်ပီယံအသင်းတို့အား ရာသီကြို ချာရတီဖလားပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားစေခဲ့ပြီး ယခုအကြိမ်မှာ ကိုးကြိမ်မြောက် ကျင်းပမည့် ပြိုင်ပွဲလည်းဖြစ်သည်။ ချာရတီဖလား ပြိုင်ပွဲတွင် ၂ဝ၁၂ ခုနှစ်တွင် ဧရာဝတီအသင်းက ရန်ကုန် အသင်းကို ပယ်နယ်တီ အဆုံးအဖြတ် ခုနစ်ဂိုး-ငါးဂိုး၊ ၂ဝ၁၃ ခုနှစ်တွင် ရန်ကုန်အသင်းက ဧရာဝတီအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ၂ဝ၁၄ ခုနှစ်တွင် ရှမ်းယူနိုက်တက် အသင်းက ရန်ကုန်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ၂ဝ၁၅ ခုနှစ်တွင် ဧရာဝတီအသင်းက ရတနာပုံအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ၂ဝ၁၆ ခုနှစ်တွင် ရန်ကုန်အသင်းက ဧရာဝတီအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ၂ဝ၁၇ ခုနှစ်တွင် မကွေးအသင်းက ရတနာပုံအသင်းကို သုံးဂိုး-ဂိုးမရှိ၊ ၂ဝ၁၈ ခုနှစ်တွင် ရန်ကုန်အသင်းက ရှမ်းယူနိုက်တက် အသင်းကို ပယ်နယ်တီအဆုံးအဖြတ် ခြောက်ဂိုး-လေးဂိုးဖြင့် အနိုင်ရခဲ့ သည်။ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်းသည် နှစ်ကြိမ်ဆက်တိုက် တွေ့ဆုံခြင်းဖြစ်သည်။ အမှတ်ပေးနှင့် ရှုံး/ထွက်ချန်ပီယံဆုကို တစ်သင်းတည်းရယူနိုင်ပါက အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယဆုရသည့် အသင်းက အစားထိုးယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။

ပြီးခဲ့သည့်ဘောလုံးရာသီတွင် ရန်ကုန်အသင်းက အမှတ်ပေးနှင့် ရှုံး/ထွက်ပြိုင်ပွဲနှစ်ခုစလုံးတွင် ဗိုလ်စွဲခဲ့သောကြောင့် အမှတ်ပေးပြိုင်ပွဲ တွင် ဒုတိယဆုရသည့် ရှမ်းယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းသည် ချာရတီဖလား ပြိုင်ပွဲတစ်လျှောက် သုံးကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကြိမ်တွင် တစ်ကြိမ်စီ အနိုင်ရထားသည်။ ရန်ကုန်အသင်းသည် ချာရတီဖလားပြိုင်ပွဲ တစ်လျှောက် ခြောက်ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်၍ ပြီးခဲ့သည့်ငါးကြိမ်တွင် သုံးကြိမ် ဗိုလ်စွဲထားသည်။ ရှမ်းယူနိုက်တက်အသင်းမှာမူ သုံးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီးပြီးခဲ့သည့် နှစ်ကြိမ်တွင် တစ်ကြိမ် ဗိုလ်စွဲထားသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%9A%E1%80%B0%E1%80%94%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%90%E1%80%80%E1%80%BA%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%8A%E1%80%BA%E1%80%B7-%E1%80%81%E1%80%BB%E1%80%AC%E1%80%9B%E1%80%90%E1%80%AE%E1%80%96%E1%80%9C%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%87%E1%80%94%E1%80%BA%E1%80%94%E1%80%9D%E1%80%AB%E1%80%9B%E1%80%AE-%E1%81%86-%E1%80%9B%E1%80%80%E1%80%BA-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%99%E1%80%8A%E1%80%BA