spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်ကို မန္တလေးမြို့၌ ပြောင်းလဲ ကျင်းပမည်

၂ဝ၁၉ အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်ကို မန္တလေးမြို့၌ ပြောင်းလဲ ကျင်းပမည်

ရန်ကုန်  ဒီဇင်ဘာ  ၂၅

၂ဝ၁၉ အာရှ ယူ-၁၆ အမျိုးသမီးခြေစစ် ပွဲဒုတိယအဆင့်ကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌  ပြောင်းလဲ ကျင်းပမည်ဖြစ်ပြီး ယင်းခြေစစ်ပွဲကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ၂၇ ရက်မှ  မတ် ၃ ရက်အထိကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ဒုတိယအဆင့်ခြေစစ်ပွဲကို  အုပ်စုနှစ်ခုခွဲ၍ကျင်းပမည်ဖြစ်ပြီး   အုပ်စု(က)တွင် သြစတြေးလျ၊ လာအို၊ ဗီယက်နမ်၊ အီရန်၊ အုပ်စု(ခ)တွင်  တရုတ်၊  ဘင်္ဂလားဒေ့ရှ်၊  ဖိလစ်ပိုင်၊ မြန်မာတို့ပါဝင်နေကာ အုပ်စု(က)ကို လာအို၊ အုပ်စု(ခ)ကို မြန်မာနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ ခြေစစ်ပွဲကျင်းပသည့် ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး  နောက်ဆုံးအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မူလက ယင်းပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပရန်စီစဉ်ထားသော်လည်း မန္တလေးမြို့သို့ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ အုပ်စု(ခ)ပွဲစဉ်များအဖြစ် ဖေဖော်ဝါရီ ၂၇ရက်တွင် ဘင်္ဂလားဒေ့ရှ် နှင့် ဖိလစ်ပိုင်၊ မြန်မာနှင့် တရုတ်၊ မတ် ၁ ရက် တွင် တရုတ်နှင့် ဖိလစ်ပိုင်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်၊ မတ် ၃  ရက်တွင် တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် ဖိလစ်ပိုင် အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းက  ကိုင်တွယ်လျက်ရှိပြီး ပထမအဆင့်ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့သည့် ကစားသမားအများစုကိုအခြေခံကာ ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယူ-၁၆ အမျိုးသမီး အသင်းသည် လေ့ကျင့်မှုစတင်ပြုလုပ်နေပြီဖြစ်ပြီး အမျိုးသမီးလိဂ်ပြိုင်ပွဲခေတ္တရပ်နားပါက နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည်  ပထမအဆင့်ခြေစစ်ပွဲတွင် မလေးရှား၊ ဖိလစ်ပိုင်နှင့် နီပေါအသင်းတို့ကိုကျော်ဖြတ်ကာ အုပ်စုပထမဖြင့် ဒုတိယအဆင့်သို့ တက်ရောက်လာခြင်းဖြစ်သည်။

Crd:myawadynews

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE-%E1%80%9A%E1%80%B0-%E1%81%81%E1%81%86-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%81%E1%80%BC%E1%80%B1%E1%80%85%E1%80%85%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%A1%E1%80%86%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AD%E1%80%AF-%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%81%8C-%E1%80%95%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%B2-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%99%E1%80%8A%E1%80%BA