spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာ ယူ-၂၂ အသင်း နိုင်ငံတကာပြိုင်ပွဲများအတွက် ဒီဇင်ဘာ ၂၆ ရက်တွင် စတင်လေ့ကျင့်မည်

မြန်မာ ယူ-၂၂ အသင်း နိုင်ငံတကာပြိုင်ပွဲများအတွက် ဒီဇင်ဘာ ၂၆ ရက်တွင် စတင်လေ့ကျင့်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မြန်မာ ယူ-၂၂ အသင်းသည် ဇန်နဝါရီလတွင်သွားရောက်မည့် ကာတာခြေစမ်းခရီးစဉ် အပါအဝင် ၂၀၁၉ ခုနှစ်တွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ဒီဇင်ဘာ ၂၆ ရက်တွင် လေ့ကျင့်မှု စတင်ပြုလုပ်မည် ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် လာမည့်နှစ်တွင် အဓိကနိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အောင်မြင်မှုရရန် အချိန်ယူပြင်ဆင်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ကာတာဘောလုံးအဖွဲ့ချုပ်တို့၏ သဘောတူညီမှုအရ မြန်မာ ယူ-၂၂ အသင်းနှင့် ကာတာ ယူ-၂၂ အသင်းသည် ဇန်နဝါရီ ၁၀ ရက်တွင် ကာတာနိုင်ငံ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် မြန်မာ ယူ-၂၂ အသင်းယှဉ်ပြိုင်မည့် ပထမဆုံး ပထမဆုံးခြေစမ်းပွဲလည်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ၂၀၁၈ ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယရခဲ့သည့်အသင်းကို အခြေခံ ဖွဲ့စည်းမည်ဖြစ်ပြီး ပဏာမကစားသမား ၃၀ ၀န်းကျင်ပါ၀င်လာမည်ဖြစ်သည်။ မြန်မာ ယူ-၂၂အသင်းသည် ဖိလစ်ပိုင်၌ကျင်းပမည့်အကြိမ် (၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဖေဖော်ပါရီတွင်ကျင်းပမည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲ၊ မတ်လတွင်ကျင်းပမည့်  အာရှ ယူ-၂၃ခြေစစ်ပွဲတို့အတွက် စတင်ပြင်ဆင်ရမည်ဖြစ်သည်။

ဒုတိယဆုဖြင့်ကျေနပ်ခဲ့ရ

မြန်မာ ယူ-၂၂ အသင်းသည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲအတွက် ယခုနှစ်လယ်ပိုင်းကတည်းကပြင်ဆင်ခဲ့ပြီး ယခုနှစ် အတွင်း တရုတ်ဖိတ်ခေါ်ပြိုင်ပွဲနှင့်ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲတို့တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ နောက်ဆုံးပြိုင်ပွဲအဖြစ် ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိကျင်းပသည့် ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲ၌ အိမ်ရှင်ဗီယက်နမ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်တွင် အရေးနမ့်ကာ ဒုတိယဆုဖြင့်ကျေနပ်ခဲ့ရသည်။

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် အချိန်ယူပြင်ဆင်မည်ဖြစ်သောကြောင့် ယခုအကြိမ်ဖွဲ့စည်း ရာတွင် အမာခံကစားသမားအစုံအလင် ပါ၀င်လာမည်ဖြစ်ပြီး ကာတာ ယူ-၂၂ အသင်းနှင့်ခြေစမ်းပွဲမှာ အကျိုး ရှိမည့် ခြေစမ်းပွဲဖြစ်လာမည်ဖြစ်သည်။ ထို့ပြင် အာဆီယံ ယူ-၂၂ ပြိုင်ပွဲနှင့်အာရှ ယူ-၂၃ ခြေစစ်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ ထပ်မံကစားမည်ဖြစ်ကြောင်းသိရသည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး ၎င်းကိုင်တွယ်သည့် ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲတွင် ငွေတံဆိပ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

Crd: ညီမြတ်သော်တာ၊ မြန်မာ့အလင်းသတင်းစာ


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-%E1%80%9A%E1%80%B0-%E1%81%82%E1%81%82-%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%80%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC-%E1%81%82%E1%81%86-%E1%80%9B%E1%80%80%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%85%E1%80%90%E1%80%84%E1%80%BA%E1%80%9C%E1%80%B1%E1%80%B7%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B7%E1%80%99%E1%80%8A%E1%80%BA