spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > MFF-MNL Awards night 2018 အကောင်းဆုံးဆု ဆုပေးပွဲအခမ်းအနား ကျင်းပ

MFF-MNL Awards night 2018 အကောင်းဆုံးဆု ဆုပေးပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဒီဇင်ဘာ (၂၇) ရက်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီတို့ ကြီးမှူးကျင်းပသည့် ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးဆု ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား MFF - MNL Awards Night 2018 ကို ယနေ့ ဒီဇင်ဘာ ၂၇ ရက် ညပိုင်းက ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ယနေ့အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကို၀င်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌနှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဒုတိယဥက္ကဌများဖြစ်ကြသည့် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် ဦးပြည့်ဖြိုးတေဇ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့၀င်များ၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်းနှင့် MPT မှ တာ၀န် ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းပိုင်ရှင်များနှင့် အသင်း ဥက္ကဌများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ် စပွန်ဆာ ကုမ္ပဏီများမှ တာ၀န်ရှိသူများ၊ ဆုရရှိသည့် ကလပ်အသင်းများမှ အုပ်ချုပ်/ နည်းပြများ၊ ကစားသမားများ၊ မီဒီယာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ စုံညီစွာ တက်ရောက်ခဲ့သည်။

 

ယနေ့ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားတွင် လူငယ်အမှတ်ပေးလိဂ်ပြိုင်ပွဲ များတွင် ဆုရရှိသည့်အသင်းများအား ဆုကြေးငွေနှင့် ဆုဖလားပေးအပ် ချီးမြှင့်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းရှုံးထွက်ချန်ပီယံအသင်းအား ဆုကြေးငွေနှင့် ဆုဖလားပေးအပ်ခြင်း၊ MPT မြန်မာနေရှင်နယ်လိဂ် ၁ နှင့် မြန်မာ နေရှင်နယ်လိဂ် ၂ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် အသင်းများအား ဆုကြေးငွေနှင့် ဆုဖလားပေးအပ်ချီးမြှင့်ခြင်း၊ အသန့်ရှင်းဆုံး အသင်းဆုများ ရွေးချယ်ပေးအပ်ခြင်း၊ နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ် များ ရရှိခဲ့သော မြန်မာယူ-၁၉ အသင်း၊ မြန်မာယူ-၂၁ အသင်း၊ မြန်မာယူ-၁၆ အမျိုးသမီးအသင်း၊ MIC ဖူဆယ်အသင်း၊ တက္ကသိုလ်လက်ရွေးစင်အသင်း၊ ၂၀၁၈ ဘောလုံးရာသီအတွင်း ပံ့ပိုးပေးခဲ့ကြသည့် မိတ်ဖက်ပါတနာများနှင့် စပွန်ဆာများအား အမှတ်တရဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့့်ခြင်း၊ ပရဟိတ အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုတံဆိပ်များပေးအပ်ခြင်း၊ KBZ Bank Women’s 2017-2018 ချန်ပီယံအသင်းအား ဆုချီးမြှင့်ခြင်း၊ အမျိုးသား/အမျိုးသမီး အကောင်းဆုံးကစားသမားဆုများ၊ နည်းပြ အကောင်းဆု၊ အမျိုးသား/အမျိုးသမီးဒိုင်လူကြီးအကောင်းဆုံးဆုများ ရွေးချယ် ချီးမြှင့်ခဲ့သည်။

  

MFF-MNL Awards night 2018 အခမ်းအနားတွင် အမျိုးသား အကောင်းဆုံးဆုကို ရန်ကုန်ယူနိုက်တက်အသင်းနှင့် မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ မောင်မောင်လွင်၊ လူငယ်အမျိုးသားအကောင်းဆုံးဆုကို ဧရာ၀တီယူနိုက်တက်အသင်းနှင့် လက်ရွေးစင်ကွင်းလယ်လူ လွင်မိုးအောင်၊ အမျိုးသမီးအကောင်းဆုံးဆုကို I.S.P.E အသင်းနှင့် လက်ရွေးစင်အသင်း တိုက်စစ်မှူး ခင်မာလာထွန်း၊ လူငယ်အမျိုးသမီးအကောင်းဆုံးဆုကို YREO အသင်းနှင့် လူငယ်တိုက်စစ်မှူး မြတ်နိုးခင်၊ နည်းပြအကောင်းဆုံးဆုကို ရန်ကုန်ယူနိုက်တက်အသင်းနည်းပြ ဦးမျိုးမင်းထွန်း၊ ဒိုင်လူကြီးအကောင်းဆုံး (အမျိုးသား)ဆုကို ဦးမြတ်သူနှင့် အမျိုးသမီး ဒိုင်လူကြီးအကောင်းဆုံးဆုကို ဒေါ်သိန်းသိန်းအေးတို့မှ ရရှိခဲ့သည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/mff-mnl-awards-night-2018-%E1%80%A1%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%E1%80%86%E1%80%AF-%E1%80%86%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95