မန္တလေး၊ ဒီဇင်ဘာ ၂၇
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနနှင့် ကရာတေးအဖွဲ့ချုပ်တို့ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် NAGATA Myanmar Co.,Ltd တို့၏ ပံ့ပိုးကူညီမှုဖြင့်ပြုလုပ်သော စတုတ္ထအကြိမ်မြောက် Takuya Taniyama Cup Karate-Do Championship-2018 ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်း ဘက်စုံအားကစားပြိုင်ပွဲရုံ၌ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၀န်ကြီးချုပ်ကိုယ်စား စည်ပင်သာယာရေး၀န်ကြီးဌာန ၀န်ကြီး မန္တလေးမြို့တော်၀န် ဒေါ်တာရဲလွင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာ၀င်းဇော်က ကျေးဇူးတင်စကားပြောကြားပြီး ကမ္ဘာ့ချန်ပီယံဆရာ တာနီယာမက အမှာစကားပြောကြား၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက်ပြိုင်ပွဲ၀င်အသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြ၍ မန္တလေးမြို့တော်၀န်နှင့် တာ၀န်ရှိသူများက ပြိုင်ပွဲ၀င်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်သည်။
ယင်းနောက် Junior ပြိုင်ပွဲ၀င်များက WKF နည်းစနစ်ဖြင့် ကုမိတက်ပြိုင်ပွဲအမျိုးအစားကို သရုပ်ပြသခြင်း၊ NUNCHAKU အဖွဲ့က နည်းပညာများ စုပေါင်းသရုပ်ပြသခြင်း၊ အား/ကာသိပ္ပံမှ ကိုယ်ခံပညာသရုပ်ပြမှုနှင့် Tamashiwari အမာခံခွဲစိတ်နည်းစနစ်များကို သရုပ်ပြသခြင်း၊ Asian University Game ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုရ ရတနာပုံတက္ကသိုလ်မှ ပြိုင်ပွဲ၀င်များက UNSU ကကွက်ကို စုပေါင်းသရုပ်ပြခြင်းနှင့် 2018 Japan Cup Champion အလယ်ပိုင်းစစ်ဌာနချုပ် လက်ရွေးစင်အသင်းမှ Bunkiac ခေါ် KATA APPLICATIONကို သရုပ်ပြတင်ဆက်ခြင်းနှင့် မန္တလေးတိုင်းဒေသကြီး၏ ဦးဆောင်ဆရာများက Jitte ခေါ် အဆင့်မြင့်ကကွက်အား စုပေါင်းတင်ဆက်ခြင်းတို့ကို မန္တလေးမြို့တော်၀န်နှင့် တာ၀န်ရှိသူများက ကြည့်ရှုအားပေးကြသည်။
အဆိုပါပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသက် ၁၀နှစ်၊ ၁၂နှစ်၊ ၁၄နှစ်အောက် အငယ်တန်းနှင့် အကြီးတန်းပြိုင်ပွဲ၀င် အားကစားမောင်မယ် ၃၅၀ တို့က ဒီဇင်ဘာ ၂၉ ရက်ထိ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ကြေးမုံသတင်းစာ