spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၈ခုနှစ်၊ ကယားပြည်နယ် ဒီဇင်ဘာ ပဉ္စမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ပျော်ရွှင်စွာဆင်နွဲကျင်းပ

၂၀၁၈ခုနှစ်၊ ကယားပြည်နယ် ဒီဇင်ဘာ ပဉ္စမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ပျော်ရွှင်စွာဆင်နွဲကျင်းပ

လွိုင်ကော် ဒီဇင်ဘာ(၂၉) ။ 

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အမျိုးသား အားကစား လှုပ်ရှားမှုကို တစ်နိုင်ငံလုံး တစ်မျိုးသားလုံးစိတ်ပါဝင်စားစွာဖြင့် ပါဝင်လှုပ်ရှားကြစေရေးအတွက် အဆင့်ဆင့်နှစ်အလိုက် စည်းရုံးလှုံ့ဆော် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပြည်သူများ ကျန်မားကြံ့ခိုင်ရေး အထောက်အကူဖြစ်စေရန် ၊ အားကစားကို စိတ်ဝင်စားစွာဖြင့်လေ့လာ လိုက်စားလာစေရန်ရည်ရွယ်လျက် လူထုစုပေါင်းလမ်းလျှောက်ပွဲများကျင်းပခြင်း၊အားကစား ပြိုင်ပွဲများကျင်းပပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၅:၃၀)အချိန်တွင် လွိုင်ကော်မြို့ နာရီစင်စုရပ်မှစတင်၍ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါလမ်းလျှောက်ပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကျော်လင်းမောင် ၊ ကယားပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးတင်မြင့် ၊ ကယားပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေ  ၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ ၊ ကျောင်းသားကျောင်းသူများ ၊ တိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား(၂၉၃၀၀) ကျော်  ပါဝင်ဆင်နွဲလမ်းလျှောက်ခဲ့ကြပါသည်။

 

ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကယားပြည်နယ်လွှတ်တော် ဒုတိယဥက်ကဌ ဦးတင်မြင့်မှ သေနတ်ပစ်ဖောက်၍ စတင်လမ်းလျှောက်ခဲ့ရာ နာရီစင်မှ စတင်၍တာထွက်ပြီး ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်လွှတ်တော်ရုံး ရှေ့လမ်းမကြီး အတိုင်း၊ ထိုမှတဆင့်(၉)လမ်း၊ နောင်ယားကန်လမ်း၊ ခရိုင်၀န်လမ်းတို့ကိုဖြတ်၍  ကန္ဒဟေဝန်ပန်းခြံရှိ ကန္ဒရဝတီကျောက်သားရင်ပြင်သို့ စုပေါင်းလမ်းလျှောက်ခဲ့ကြပါသည်။

 

ထို့နောက် ကျောက်သားရင်ပြင်တွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းအတွဲ အမှတ်(၁)(၂)နှင့် ဇွန်ဘာလေ့ကျင့်ခြင်းတို့ကို တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ ပါဝင်ဆင်နွဲခဲ့ကြသူများအား စက်ဘီး(၈)စီးနှင့် ကံစမ်းမဲပေါင်း(၃၀)အား ဖွင့်ဖောက်ပေးခဲ့ပါသည်။

ဆက်လက်၍ ရိုးရာအားကစားနည်းဖြစ်သော ထုပ်ဆီးတိုးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ နှင့် ဘောလုံးဂိုးသွင်းပြိုင်ပွဲတို့ကို ဆက်လက်ကျင်းပပေးခဲ့ပါသည်။ လွိုင်ကော်မြို့တွင် စုပေါင်း လမ်းလျှောက်ပွဲကျင်းပခဲ့သည့် နည်းတူ ကယားပြည်နယ်ရှိ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်မြို့နယ်နှင့် မယ်စဲ့မြို့နယ်များတွင်လည်း လူထုစုပေါင်းလမ်းလျှောက်ပွဲများကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%80%E1%80%9A%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC-%E1%80%95%E1%80%89%E1%80%B9%E1%80%85%E1%80%99%E1%80%95%E1%80%90%E1%80%BA-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2