ရန်ကုန်၊ နိုဝင်ဘာလ( ၅ )ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်(၁၁)နာရီက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် နိုဝင်ဘာလ(၃) ရက်နေ့က ကျင်းပခဲ့သည့် One Championships Hero's Dream Open Weight Super - Bout ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု Middle Weight တန်းမှ ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန် က စိန်ခေါ်သူ Heavy Weight တန်း ကစ်ဘောင်ဆင် ကမ္ဘာ့ချန်ပီယံ (ဟောင်ကောင်)ကိုယ်စားပြု ALAIN NGALANI အား ပထမအချီ (၄)မိနစ်(၃၁)စက္ကန့် တွင် ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပေးအပ်သောဂုဏ်ပြုမှတ်တမ်းလွှာ အားချီးမြှင့်ပေးအပ်ခဲ့ပြီးဂုဏ်ပြု နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
ပြိုင်ဘက်ကို ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့သည့် အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က နေ့စဉ်ထုတ်သတင်းစာများတွင် အောင်လအန်ဆန် အား ဂုဏ်ပြုပေးပို့ထားသည့် သဝဏ်လွှာအား ပြည်ထောင်စုဝန်ကြီးက ဖတ်ကြားပြသခဲ့သည်။ ထို့နောက်ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်က ယခုကဲ့သို့ဂုဏ်ပြုပေးခြင်းအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့အား ကျေးဇူးအထူးတင်ရှိပါကြောင်းပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှချီးကျူးဂုဏ်ပြုလွှာအား ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်အား ပေးအပ်ဂုဏ်ပြုခဲ့ပြီး အောင်လအန်ဆန်ကလည်း အမှတ်တရလက်ဆောင်အားပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်ပွဲသို့ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။