ပူတာအို ဇန်နဝါရီ (၁)
ဘော်လီဘော အားကစားနည်းကို စနစ်တကျယှဉ်ပြိုင် ကစားတတ်စေရန်၊ အားကစားသမားများ ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် မျိုးဆက်သစ် ပြည်နယ်၊ တိုင်းလက်ရွေးစင်အထိ ကစားသမားများ ပေါ်ထွက်လာ စေရန်ရည်ရွယ်၍ ခရိုင်အားကစားနှင့်ကာယပညာ ကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၁၈ ခုနှစ် ပူတာအိုခရိုင် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌဖလား (ကျား/မ) အလွတ်တန်း ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဗိုလ်လုပွဲ တက်ရောက်လာသည့် (ကျား) အမဲလိုင်စင် အသင်းနှင့် ထူးဆန်း အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အမဲလိုင်စင်အသင်းက သုံးပွဲတစ်ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး (မ)ပြိုင်ပွဲတွင် ပမ်မတီးအသင်းနှင့် ညဲဆာလာဒီ အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပမ်မတီးအသင်းက အနိုင်ရ ဆုဖလားဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆုပေးပွဲတွင် (ကျား) တတိယဆုရ မလိခေါမ်အသင်းအား တစ်ဦးချင်း ကြေးတံဆိပ် ငွေသားဆု ကျပ်ငါးသောင်း၊ ဒုတိယဆုရ ထူးဆန်း အသင်းအား တစ်ဦးချင်းငွေတံဆိပ်နှင့် ငွေသားဆု ကျပ် တစ်သိန်း၊ ပထမဆုရ အမဲလိုင်စင်အသင်းအား တစ်ဦးချင်းရွှေတံဆိပ်၊ ငွေသားဆု ကျပ် တစ်သိန်းငါးသောင်းနှင့် ဆုဖလား၊ (မ) တတိယဆုရ လယ်မယ်ဝါချီ အသင်းအား တစ်ဦးချင်း ကြေးတံဆိပ်နှင့် ငွေသားဆု ကျပ်သုံးသောင်း၊ ဒုတိယဆုရ ညဲဆာလာဒီ အသင်းအား တစ်ဦးချင်း ငွေတံဆိပ်နှင့် ငွေသားဆု ကျပ် ငါးသောင်း၊ ပထမဆုရ ပမ်မတီးအသင်းအား တစ်ဦးချင်း ရွှေတံဆိပ်၊ ငွေသားဆု ကျပ်တစ်သိန်းနှင့် ဆုဖလားများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမိုးရှှေနှင့် တာ၀န်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ (ကျား/မ) အလွတ်တန်း ဘော်လီဘောပြိုင်ပွဲသို့ ပူတာအိုမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာ များမှ ကျား(၆)သင်း၊ မ (၅)သင်း တို့က ပတ်လည် ယှဉ်ပြိုင် ကစားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)