မုံရွာ ဒီဇင်ဘာ (၃၁)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ၂ဝ၁၈ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် (၂၅) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့ နံနက် (၈) နာရီက စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများကျင်းပရာသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကာ ပြိုင်ပွဲဝင် အားကစားသမားများကို နှုတ်ဆက်ကာ အဖွင့်ပွဲစဉ်အဖြစ် ကျင်းပသည့် အမျိုးသား၊ အမျိုးသမီး မီတာ (၂ဝဝ) အပြေးပြိုင်ပွဲ ကျင်းပနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
၂ဝ၁၈ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် (၂၅) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၆) မြို့မှ ပါဝင်ပြီး မီတာ ၁ဝဝ၊ ၂ဝဝ၊ ၄ဝဝ၊ ၈ဝဝ၊ ၁၅ဝဝ၊ ၃ဝဝဝ အလျားခုန်၊ အမြင့်ခုန်၊ မီတာ (၁ဝဝ) နှင့် မီတာ (၄ဝဝ) လက်ဆင့်ကမ်း အပြေးပြိုင်ပွဲများကို မုံရွာပြည်သူ့ အားကစားကွင်း အတွင်းလည်းကောင်း၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ် ပြိုင်ပွဲများကို အားကစားနှင့် ကာယပညာသိပ်ပံ (မုံရွာ) ကျောင်းအားကစားကွင်း အတွင်းတွင်လည်းကောင်း ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့မှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)