spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာ ယူ-၂၂ အသင်းအတွက် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပမည်

မြန်မာ ယူ-၂၂ အသင်းအတွက် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပမည်

ရန်ကုန် ဇန်နဝါရီ ၁။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အသင်းအတွက် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပရန် စီစဉ်လျက်ရှိသည်။

ယခုနှစ် ဖိတ်ခေါ်ပြိုင်ပွဲတွင် အာရှနှင့် အာဆီယံလူငယ်အသင်းများကို ဖိတ်ကြားသွားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရရန် ပြင်ဆင်ဆောင်ရွက်မည်ဖြစ်ပြီး ပြိုင်ပွဲ မတိုင်မီ လုံလောက်သည့် နိုင်ငံတကာ အတွေ့အကြုံရစေရန် ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပခြင်းဖြစ်သည်။

မြန်မာယူ-၂၂ အသင်းသည် ယခုနှစ်အတွင်း အဓိကပြိုင်ပွဲသုံးခု ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဖေဖော်ဝါရီလတွင် အာဆီယံ ယူ-၂၂ ပြိုင်ပွဲ၊ မတ်လတွင် အာရှယူ-၂၃ ခြေစစ်ပွဲ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် ဆီးဂိမ်းပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အကြိမ်(၃ဝ) မြောက် ဆီးဂိမ်းပြိုင်ပွဲကို နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်သောကြောင့် နိုဝင်ဘာလဆန်းပိုင်းတွင် ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပနိုင်ရန် ကြိုတင်ဆောင်ရွက်လျက်ရှိသည်။

မြန်မာယူ-၂၂ အသင်းသည် ဇန်နဝါရီလ ပထမနှင့် ဒုတိယပတ်တွင် ကစားမည့် အရှေ့အလယ်ပိုင်းခရီးစဉ်အတွက် ကစားသမား ၂ဝ ရွေးချယ်ထားသော်လည်း ယင်းခရီးစဉ်ပြီးဆုံးပါက ကစားသမားသစ် များ ထပ်မံရွေးချယ်ကာ လေ့ကျင့်ပြင်ဆင် သွားမည်ဖြစ်သည်။  

ကြေးမုံသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-%E1%80%9A%E1%80%B0-%E1%81%82%E1%81%82-%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-%E1%80%86%E1%80%AE%E1%80%B8%E1%80%82%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%AE-%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%99%E1%80%8A%E1%80%BA