ရန်ကုန် ဒီဇင်ဘာ ၃၁။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လစ်လပ်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်သစ်ကို နိုင်ငံခြားသားနည်းပြသာ ခန့်အပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နည်းပြချုပ်သစ်ကို ဇန်နဝါရီလကုန်တွင် ခန့်အပ်မည်ဖြစ်ပြီး နည်းပြသစ်ခန့်အပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် နောက်ဆုံး တာဝန်ယူခဲ့သည့် ဂျာမန်လူမျိုးနည်းပြ အန်တွမ်နီဟေးနှင့် ၂၀၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အပြီးတွင် လမ်းခွဲခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် နည်းပြသစ်တစ်ဦး ရှာဖွေနေခြင်းဖြစ်သည်။
"ကျွန်တော်တို့အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် ခန့်အပ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ နိုင်ငံခြားသားနည်းပြပဲ ခန့်အပ်ဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့ဆီကို လာရောက်လျှောက်ထားတဲ့ သူတွေ ရှိသလို နည်းစနစ်ဒါရိုက်တာကတစ်ဆင့် ရှာဖွေနေတဲ့သူတွေလည်းရှိပါတယ်။ ဇန်နဝါရီလကုန်မှာ ခန့်အပ်နိုင်ဖို့ စီစဉ်ထားပါတယ်" ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောကြားသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ်ကိုလည်း နိုင်ငံခြားသားနည်းပြ ခန့်အပ်မည်ဖြစ်ပြီး လာရောက်လျှောက်ထားသူ များပြားနေသလို နည်းစနစ်ဒါရိုက်တာ အဲရစ်အာဗရန်(ဘယ်လ်ဂျီယံ)၏ အဆက်အသွယ်ဖြင့်လည်း နည်းပြသစ်ရှာဖွေလျက်ရှိသည်။ လာရောက်လျှောက်ထားသည့် နိုင်ငံခြားသားနည်းပြများအနက် ပဏာမအဆင့် စတင်ရွေးချယ်ကာ နောက်ဆုံးခန့်အပ်မည့်နည်းပြကို အဆင့်ဆင့်ရွေးချယ်မည်ဖြစ်သည်။
အန်တွမ်နီဟေးသည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် ၂၀၁၈ ခုနှစ် မေလတွင် စတင်ခန့်အပ်ခံရသော်လည်း အဓိကပြိုင်ပွဲဖြစ်သည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှထွက်ခဲ့ရသောကြောင့် ယင်းပြိုင်ပွဲ အပြီးတွင် လမ်းခွဲခဲ့ရခြင်းဖြစ်သည်။ အန်တွမ်နီဟေးသည် မြန်မာ ယူ-၂၃ အသင်းနှင့် အာရှအားကစားပြိုင်ပွဲတွင် စတင်ယှဉ်ပြိုင်ခဲ့ပြီး ရလဒ်ကောင်းရယူနိုင်သော်လည်း ဆူဇူကီးပြိုင်ပွဲတွင်မူ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း နိုင်ငံခြားသားနည်းပြများသာ တာဝန်ပေးခဲ့ပြီး မြန်မာနည်းပြများကိုမူ ယာယီနှင့် ကာလတိုသာ တာဝန်ပေးအပ်ခဲ့သည်။
ကြေးမုံသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။