spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တောင်ငူမြို့တွင် ပထမဆုံးအကြိမ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲတော်ကျင်းပ

တောင်ငူမြို့တွင် ပထမဆုံးအကြိမ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲတော်ကျင်းပ

တောင်ငူ ဒီဇင်ဘာ ၃ဝ။
တောင်ငူမြို့တွင် ပထမဆုံးအကြိမ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲတော်ကို ယနေ့ နံနက် ၆ နာရီက တောင်ငူမြို့ ဗိုလ်မှူးဖိုးကွန်းလမ်း ကေတုမတီမုခ်ဦး ရှေ့မှစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါလူထုစက်ဘီးစီးနင်းပွဲ ဖွင့်ပွဲကို ကေတုမတီမုခ်ဦးရှေ့တွင် စုရပ်နေရာယူကာ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်၊ တောင်ငူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးသွင်မောင်မောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အားကစားကော်မတီဝင်တစ်ဦးက သေနတ်ဖောက်၍ စက်ဘီးစီးနင်းခြင်းကို စတင်ခဲ့သည်။
ယင်းနောက် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း စီးနင်းကြပြီး တောင်ငူခရိုင် အားကစားကွင်းအတွင်းသို့ ပန်းဝင်ကြကာ ဖျော်ဖြေရေးအစီအစဉ်များ၊ အာဟာရအလှူရှင်များ၏ စားသောက်ဖွယ်ရာ များ၊ ကျန်းမာရေးဆေးဝါးအလှူရှင်များက ပံ့ပိုးကူညီကြပြီး ကံစမ်းမဲအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
စက်ဘီးစီးခြင်းအားဖြင့် လေထုညစ်ညမ်းမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ လျော့ကျစေခြင်း၊ လောကပတ်ဝန်းကျင်ကို မတူကွဲပြားသောအမြင်များဖြင့် ကြည့်ရှုနိုင်ခြင်း၊ကြွက်သားများ သန်မာစေခြင်း၊ စိတ်ဖိစီးမှုများ လျော့ကျစေခြင်း၊ အဆုတ်အခန်းများ ကျယ်ပြန့်လာပြီး အသက်ရှူအား ကောင်းမွန်စေခြင်း၊ ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါများ ဖြစ်တန်စွမ်းကို နိမ့်ကျစေခြင်း၊ အရိုးများ ပိုမိုသန်မာလာစေခြင်း၊ နှလုံးအား ကောင်းလာပြီး သက်လုံအားကောင်းလာခြင်း၊ ခန္ဓာကိုယ်ကို အချိုးကျကျ အချိန်အဆမှန်မှန် ဖန်တီးပေးခြင်း၊ လမ်းလျှောက်ခြင်းထက် ပိုမိုကျန်းမာစေခြင်းနှင့် ခရီးရောက်မြန်ဆန်ခြင်း၊ ရုပ်ကြွင်းလောင်စာကို မဖြုန်းဘဲ ခန္ဓာကိုယ်ရှိ အဆီပိုများကို လောင်ကျွမ်းဖျက်ဆီးပစ်ခြင်း စသည့် ကောင်းကျိုးများ ရရှိနိုင်ကြောင်းကို ပွဲတော်ကျင်းပရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ကောင်းထွဋ်က ရှင်းပြသည်။
အဆိုပါ လူထုစုပေါင်း စက်ဘီးစီးပွဲတော်ကို တောင်ငူမြို့ ဒေသခံလူငယ်များ ဖြင့်ဖွဲ့စည်းထားသည့် Taungoo Brothers Cycling Club နှင့် ဒေသခံများက ပူးပေါင်းကာ ပထမဆုံးအကြိမ် ကျင်းပ ခြင်းဖြစ်ပြီး လူကြီး လူငယ်၊ ကျား မ မရွေး မည်သည့် စက်ဘီးဖြင့်မဆို ပါဝင်ဆင်နွှဲနိုင်ကာ ကျောင်းသား ကျောင်းသူများ၊ ဒေသခံများ၊ စက်ဘီးစီးဝါသနာပါသူများ အပါဝင် လူပေါင်း ၆ဝဝ ခန့် လိုက်ပါစီးနင်းကြကြောင်း သိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%84%E1%80%B0%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%95%E1%80%91%E1%80%99%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8-%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%94%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95