နေပြည်တော်၊ ဇန်နဝါရီလ(၃)ရက်။
၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သော (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများဖြစ်ကြသော ဖူဆယ်၊ လွန်ဆွဲ၊ ထုပ်ဆီးတိုး (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများ၏ တတိယလုပွဲနှင့် ဗိုလ်လုပွဲများအား ယနေ့နံနက်(၈)နာရီအချိန်မှစ၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/ရုံအသီးသီးတွင် ကျင်းပပြုလုပ်ပါသည်။ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း၌ ကျင်းပသော ထုပ်ဆီးတိုးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းမှ အနိုင်ရဗိုလ်စွဲခဲ့ပါသည်။
လွန်ဆွဲပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် အမျိုးသားပွဲစဉ်များအဖြစ် ပြည်ထောင်စုရာထူးဝန်အသင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကြရာ ပြည်ထောင်စုရာထူးဝန်အသင်းမှ လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကြရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းမှလည်းကောင်း၊ အမျိုးသမီးပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုရာထူးဝန်အသင်းတို့ ယှဉ်ပြိုင်ကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှလည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းမှလည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ပါသည်။
ဖူဆယ်အားကစားရုံ၌ တတိယလုပွဲအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအသင်းမှ (၄)ဂိုး၊ (၃)ဂိုး ဖြင့်လည်း ကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်းတို့ယှဉ်ပြိုင်ကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းမှ (၅)ဂိုး၊ (၄)ဂိုး ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိ ခဲ့ပါသည်။
(၄.၁.၂ဝ၁၉)ရက်နေ့တွင် လွန်ဆွဲပြိုင်ပွဲ (အမျိုးသမီး)တတိယလုပွဲအဖြစ် ပြည်ထောင်စုရာထူးဝန်အသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ (အမျိုးသား)တတိယလုပွဲအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းသည်လည်းကောင်း၊ (အမျိုးသမီး) ဗိုလ်လုပွဲအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်း၊ (အမျိုးသား) ဗိုလ်လုပွဲအဖြစ် ပြည်ထောင်စုရာထူးဝန်အသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းတို့သည် အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူ များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။