spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ ခုနှစ်၊ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများ၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု ဓါတ်ပုံပြပွဲနှင့်အဆင့်မြင့်အားကစားကွင်း၊ အားကစားရုံဖွင့်ပွဲအခမ်းအနားကျင်းပ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့

၂ဝ၁၉ ခုနှစ်၊ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများ၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု ဓါတ်ပုံပြပွဲနှင့်အဆင့်မြင့်အားကစားကွင်း၊ အားကစားရုံဖွင့်ပွဲအခမ်းအနားကျင်းပ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့

 

နေပြည်တော်၊ ဇန်နဝါရီ(၃)ရက်။    

၂ဝ၁၉ ခုနှစ်၊ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများ၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု ဓါတ်ပုံပြပွဲနှင့် အဆင့်မြင့် အားကစားကွင်း၊ အားကစားရုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈း၃ဝ)အချိန်တွင် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဌ သူရဦးရွှေမန်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ် အမှာစကား ပြောကြားပါသည်။

 

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဌ သူရဦးရွှေမန်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာဝန် ရှိသူများ၊ ၂ဝ၁၃ ခုနှစ်၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိသူ ဖြူးမြို့နယ်မှ မနွယ်နီအောင် နှင့် နိုင်ငံတကာသသင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသူ မောင်သွေးသွေး ထူးချွန် ကျောင်းသားတို့မှ အသီးသီးဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများနှင့် အမှတ်တရ မှတ်တမ်းတင်စုပေါင်း ဓါတ်ပုံရိုက်ကူးကြပါသည်။
 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ဖွင့်ပွဲအခမ်းအနားအဖြစ် ဖြူးမြို့နယ်တွင်  မြို့နယ်အင်္ဂါနှင့်အညီ မြို့တော်ခန်းမ၊  အဆင့်မြင့်အားကစားကွင်း/ အားကစားရုံ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ဆေးရုံစသည်တို့ အဆင့်မှီစွာ ရရှိနိုင်ရေးကြိုးစားဆောင်ရွက်ရာတွင် ယခုကဲ့သို့ အားကစားကွင်း/အားကစားရုံများ အဆင့်မီမီ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အထူးဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ အားကစားသည် လူတိုင်းအတွက် အရေးကြီးသလို မြို့နယ်၊ နိုင်ငံတိုင်းတွင်လည်း အရေးကြီးသော အရာပင်ဖြစ်ပါကြောင်း၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်သောအရာများမှာ အားကစားစိတ်ဓါတ်ကောင်းမွန်ခြင်း၊ စည်းကမ်းကောင်းမွန်ခြင်း၊ စည်းလုံးညီညွတ်ခြင်း စသည်တို့ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အဆင့်မြှင့်တင်ပြုပြင်ထားရှိသော အားကစား ကွင်း/အားကစားရုံများကို အသုံးပြု၍ ဖြူးမြို့နယ်သူ/ မြို့နယ်သားများအနေဖြင့် စိတ်ဓါတ်ပိုမိုကြံ့ခိုင်လာအောင် စည်းကမ်းပိုမိုကောင်းမွန်လာအောင် အချင်းချင်းစည်းလုံးညီညွတ်မှု ပိုမိုရရှိလာအောင်၊ အားကစားပြုလုပ်ခြင်းဖြင့် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အားကစား သမားကောင်းတစ်ယောက်သည် အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓါတ်ဖြင့် ပြိုင်ပွဲဝင်နိုင်ရန်အတွက် အချိန်မှန်အိပ်၊ အချိန်မှန်လေ့ကျင့်ပြီး ကောင်းမွန်သောစည်းကမ်းဖြင့် နေထိုင်လေ့ကျင့်ထားပြီး  အားကစားသမားအသင်းဝင် အချင်းချင်း စည်းလုံးညီညွတ်မှုရှိရှိဖြင့် လှေခွက်ချည်းကျန် အလံမလဲသည့် စိတ်ဓါတ်၊ အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓါတ်ဖြင့် ယှဉ်ပြိုင်ကစားမည့် ထိုပြိုင်ပွဲတိုင်းကို အောင်မြင်မည်ဖြစ်ပါကြောင်း၊ထိုသို့ အားကစားစိတ်ဓါတ်ကို အခြေခံပြီး  လူတိုင်းလူတိုင်း လိုက်နာကျင့်သုံးနိုင်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင်လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ အရာရာအောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံသူ၊ နိုင်ငံသားများအနေနှင့် မှန်ကန်သောစိတ်ဓါတ်၊ မှန်ကန်သောစည်းကမ်း၊ မှန်ကန်သော စည်းလုံးညီညွတ်မှုကို အားလုံးမွေးမြူရန်လိုအပ်ပြီး အားကစားကို လေ့လာလိုက်စားခြင်းဖြင့် အဆိုပါ အခြေခံကောင်းများ ရရှိပိုင်နိုင်မှာဖြစ်ပြီး  နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင်  အဆိုပါ အားကစားမှ ရရှိသောအခြေခံအချက်များသည် များစွာအထောက်အကူ ပြုမှာဖြစ်ပါကြောင်း ပြောကြားပါသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ဖြူးမြို့နယ် အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ကိုယ်စား) အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဖြူးမြို့နယ် အားကစားဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျပ်သိန်း(၂ဝ) တန်ဘိုးရှိ စားပွဲတင်တင်းနစ် ခုံ (၃)လုံးနှင့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ အားကစားပစ္စည်းများကို ပံ့ပိုးလှူဒါန်းရာ ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးမှ လက်ခံခဲ့ပါသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွှန့်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ တေးသီချင်းများ၊ အေရိုးဗစ်များဖြင့် သရုပ်ပြဖျော်ဖြေကြသူများအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဌ သူရဦးရွှေမန်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာဝန် ရှိသူများမှ အားကစား သမားများလေ့ကျင့်နေမှုများနှင့် အားကစားကွင်း/အားကစားရုံအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%81%87%E1%81%81%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%9C%E1%80%95%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%95%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9B%E1%80%BD%E1%80%BE%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%81%8A-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%81%8A