spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ဆုရ မြန်မာ့လက်ရွေးစင်ခြင်းလုံးအသင်းအား ဂုဏ်ပြုကြိုဆို

(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ဆုရ မြန်မာ့လက်ရွေးစင်ခြင်းလုံးအသင်းအား ဂုဏ်ပြုကြိုဆို

ရန်ကုန်၊ သြဂုတ်လ(၂၂)ရက်။        

(၂၉)ကြိမ်မြောက်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှု ရွှေတံဆိပ်(၂)ဆုကို နိုင်ငံတော်အတွက် ပထမဦးဆုံး ရယူပေးနိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် ခြင်းလုံးအသင်းအား အာရှခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌ၊ အရှေ့တောင်အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဒုတိယဥက္ကဌ  မြန်မာနိုင်ငံခြင်းလုံး နှင့် ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးနိုင် ဦးဆောင်ကာ မြန်မာ့ခြင်းလုံအောင်နိုင်ရေးကော်မတီဥက္ကဌ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်မင်းထွန်း၊  နည်းပြချုပ် ဦးတင်ဝင်းနိုင်တို့နှင့် အတူ ပြေးခုန်ပစ်၊ (၃)မျိုးစုံ အားကစား အဖွဲ့တို့သည်ယနေ့နံနက်ပိုင်း(၁ဝ)နာရီတွင် MH (740) လေကြောင်းခရီးစဉ်ဖြင့်လည်းကောင်း၊ ညနေပိုင်းတွင် ကျွမ်းဘားအားကစား အသင်းတို့သည် AK (502) လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီးနှင့် သိပ္ပံ သင်တန်းသား/သင်တန်းသူ အားကစားသမားများ၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ခြင်းလုံး အားကစားကိုချစ်မြတ်နိုးသူ အသင်းအဖွဲ့များ၊ ကုမ္ပဏီဝန်ထမ်းမိသားစုများက ပန်းစည်း ပန်းကုံး ၊ ရှမ်းရိုးရာ အိုးစည် ဘုံမောင်းများ၊ ဂုဏ်ပြုဆိုင်းဘုတ် များဖြင့်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အထူးစည်ကားသိုက်မြိုက် စွာကြိုဆိုခဲ့ကြသည်။

မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်းတွင် Event -2 အခြေခံမျိုးတူပြိုင်ပွဲနှင့် Event-4 မျိုးတူ ဒုတိယအဆင့်ပြိုင်ပွဲ (၂)ရပ်လုံးတွင် ရွှေတံဆိပ်(၂)ဆုကို နိုင်ငံတော်အတွက် စွမ်းစွမ်းတမံအခက် အခဲများစွာဖြင့် ကြိုးစားယှဉ်ပြိုင်ကာ အောင်နိုင်ဆုများကို ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ခြင်းလုံးအသင်းအောင်နိုင်ရေး ကော်မတီ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်မင်းထွန်းနှင့် အတူ မြန်မာ့လက်ရွေးစင်ခြင်းလုံး သူရဲကောင်း အားကစားသမားများ ၊ နည်းပြအဖွဲ့ဝင်အုပ်ချုပ်သူများနှင့်အတူ ခြင်းလုံးအားကစား နည်းကို တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကြိုးပမ်းပေးကြပါသော ခြင်းလုံးပညာရှင်များ၊ နည်းပြအဖွဲ့ဝင်များ၊ ဒိုင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များအား ယနေ့နေ့လည်(၁)နာရီက ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ ဂုဏ်ပြုကြိုဆိုခြင်းနှင့် နေ့လည်စာဖြင့်တည်ခင်း ဧည့်ခံရာ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်အဖွဲ့ဝင် အကယ်ဒမီများရှင် ရုပ်ရှင်မင်းသားကြီး ဦးနေအောင်၊ မြန်မာခြင်းလုံးအားကစားအောင်နိုင်ရေးကော်မတီဥက္ကဌ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်မင်းနိုင်နှင့် မြန်မာ နိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးနိုင် တို့က ဂုဏ်ပြု အမှာစကားများအသီးသီးပြောကြားခဲ့ပြီး ရွှေတံဆိပ်ဆုရှင်များ ခြင်းလုံးအသင်းမှ မြန်မာ့လက်ရွေးစင်ခြင်းလုံးအားကစားသမား ကျော်စိုးမိုးက ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/node/13