မုံရွာ ဇန်နဝါရီ ၂
၂ဝ၁၈ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
ရှေးဦးစွာ အမျိုးသားမီတာ ၁ဝဝ၊ အမျိုး သမီး မီတာ ၁ဝဝ ပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုးသမီး မီတာ ၄ဝဝ လက်ဆင့်ကမ်း ဗိုလ်လုပွဲစဉ်များကို အားကစားသမားများက အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ဆက်လက်၍ မီတာ ၁ဝဝ၊ ၂ဝဝ၊ ၄ဝဝ၊ ၈ဝဝ၊ ၁၅ဝဝ၊ ၃ဝဝဝ အလျားခုန်၊ အမြင့်ခုန်၊ မီတာ ၁ဝဝနှင့် မီတာ ၄ဝဝ လက်ဆင့်ကမ်း အပြေး၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ် ပြိုင်ပွဲများတွင် ထူးချွန်ဆုရအားကစားသမားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြေးခုန်ပစ် အားကစားဆပ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များပေးအပ်ကြသည်။
ထို့နောက် အမျိုးသမီးတံခွန်စိုက်ဆုရ အင်းတော်မြို့နယ်အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဆုရ မုံရွာမြို့နယ်အသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးကလည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး တံခွန်စိုက်ဆုရ အင်းတော်မြို့နယ်အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း တံခွန်စိုက်ဆုဖလားကိုပေးအပ်ကြသည်။
၂ဝ၁၈ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၆ မြို့နယ်မှ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဝင်အားကစားသမားများက ဒီဇင်ဘာ၃၁ ရက်မှ ဇန်နဝါရီ ၂ ရက်အထိ ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
Crd:မြ၀တီသတင်းစာ