ထားဝယ် ဇန်နဝါရီ ၇
"တရားသဖြင့်ယှဉ်ပြိုင်၊ နိုင်အောင်ကြိုးပမ်း" "ယှဉ်ပြိုင်လျှင်နိုင်ရမည်" ဆောင်ပုဒ်များနှင့်အညီ ၂၀၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူး(ဆန်းဆို)ပြိုင်ပွဲတွင် ပထမဒိုင်းဆု ဆွတ်ခူးရရှိသောတနင်္သာရီတိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ထား၀ယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ဝူရှူးအားကစားနည်းသည် ပြိုင်ပွဲ၀င်အားကစားအမျိုးအစားအနေဖြင့် ထောက်လု၊ ဆန်းဆို(၂)မျိုးရှိပြီး တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ပိုမိုထူးချွန်သော ဆန်းဆိုအတိုက်အားကစားနည်းကို တိုင်းဒေသကြီးအတွင်းမှာ အမြဲလေ့ကျင့်နေသော လက်ဝှေ့အားကစားသမားများနှင့် ထား၀ယ်မြို့တွင် စခန်း၀င်လေ့ကျင့်ပြီး တိုင်းဒေသကြီး/ပြည်နယ် ဝူရှူးပြိုင်ပွဲကို စေလွှတ်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့သော ဒိုင်းဆုတစ်ခုဖြစ်ပြီး သမိုင်းအသစ်ကိုရေးထိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး ဝူရှူး(ဆန်းဆို)အဖွဲ့အနေဖြင့် ရရှိပြီးသော အောင်မြင်မှုများကို အနာဂတ်သို့တိုင်အောင် ထိန်းသိမ်းသယ်ဆောင်သွားနိုင်ရန်အတွက် မလျော့သောဇွဲ၊ လုံ့လဝီရိယ၊ အားမာန်၊ စိတ်ဓာတ်များနှင့် ဆက်လက်ကြိုးပမ်း အားထုတ်ကြရန်လိုကြောင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝူရှူး(ဆန်းဆို)အသင်း အုပ်ချုပ်သူ ဦးကျော်စိုးမိုးက ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်မှုအပေါ်တွင် ဆုရရှိခဲ့မှုများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး ရရှိလာသောဆုဖလားအား တာ၀န်ရှိသူများက တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံအပ်နှံသည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီးနှင့်ပြည်နယ်ဝူရူး(ဆန်းဆို)ပြိုင်ပွဲတွင် ပထမဒိုင်းဆု ဆွတ်ခူးရရှိသော တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့အား ဂုဏ်ပြုဆုငွေ ကျပ်(၁၂)သိန်းကို ပေးအပ်ချီမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲ၀င်အားကစားသမားများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
ထား၀ယ်ခရိုင် (ပြန်/ဆက်)