spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာဘောလုံးအသင်းများ အောင်မြင်မှုရရန် လေးနှစ်စီမံကိန်း ချမှတ်ဆောင်ရွက်မည်

မြန်မာဘောလုံးအသင်းများ အောင်မြင်မှုရရန် လေးနှစ်စီမံကိန်း ချမှတ်ဆောင်ရွက်မည်

 
ရန်ကုန် ဇန်နဝါရီ ၇
 
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာဘောလုံးအသင်းများ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရန် လေးနှစ်စီမံကိန်း ချမှတ်ဆောင်ရွက်မည်ဖြစ်သည်။
 
မြန်မာဘောလုံးအသင်းများသည် ၂ဝ၁၈ ခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပြိုင်ပွဲများတွင် မျှော်မှန်းသလောက် အောင်မြင်မှုမရခဲ့သည့်အပြင် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းမှာလည်း အဓိကပြိုင်ပွဲဖြစ်သည့် ၂ဝ၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်မြင်မှုမရခဲ့သောကြောင့် ပြိုင်ပွဲအပြီးတွင် နည်းပြချုပ် အန်တွမ်နီဟေးနှင့်လမ်းခွဲခဲ့သည်။
 
ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် အာဆီယံအဆင့်၊ အာရှအဆင့်ပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းမှလွဲ၍ ကျန်အသင်းများမှာ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ အမျိုးသားအသင်းများဖြစ်သည့် ယူ-၂၂ အသင်း၊ ယူ-၁၈ အသင်း၊ ယူ-၁၅ အသင်း၊ အမျိုးသမီးအသင်းများဖြစ်သည့် လက်ရွေးစင်အသင်း၊ ယူ-၁၉ အသင်းနှင့် ယူ-၁၆ အသင်းတို့မှာ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ် လျက်ရှိပြီး လက်ရွေးစင်အသင်းကိုမူ နည်းပြသစ်ခန့်အပ်ပြီးမှ လေ့ကျင့်ပြင်ဆင်မည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဘယ်လ်ဂျီယံနိုင်ငံသား အဲရစ်အာဗရန်ကို နည်းစနစ်ဒါရိုက်တာအဖြစ်ခန့်အပ်ထားပြီး ၎င်း၏ စီမံမှုများဖြင့် လေးနှစ်စီမံကိန်းများ ချမှတ်ဆောင်ရွက်မည်ဖြစ်သည်။
 
၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အထိ လေးနှစ်စီမံကိန်းများချမှတ်ဆောင်ရွက်မည်ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်တွင်ပြုလုပ်မည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲတွင် စီစဉ်ဆောင်ရွက်ထားမှုများကို ရှင်းလင်းပြောကြားမည်ဖြစ်သည်။
 
ယှဉ်ပြိုင်ရမည်
 
ယခုနှစ်တွင် မြန်မာ ယူ-၂၂ အမျိုးသားအသင်းက အာဆီယံ ယူ-၂၂ ပြိုင်ပွဲ၊ အာရှ ယူ-၂၃ ခြေစစ်ပွဲ၊ ဆီးဂိမ်းပြိုင်ပွဲ၊ ယူ-၁၈ အမျိုးသားအသင်းက အာဆီယံ ယူ-၁၈ ပြိုင်ပွဲ၊ အာရှ ယူ-၁၉ ခြေစစ်ပွဲ၊ ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲ၊ ယူ-၁၅ အမျိုးသားအသင်းက အာဆီယံ ယူ-၁၅ ပြိုင်ပွဲနှင့် အာရှ ယူ-၁၆ ခြေစစ်ပွဲ၊ လက်ရွေးစင်အမျိုးသမီးအသင်းက တိုကျိုအိုလံပစ် အမျိုးသမီး ခြေစစ်ပွဲ၊ အာဆီယံအမျိုးသမီးပြိုင်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲ၊ ယူ-၁၉ အမျိုးသမီးအသင်းက အာရှ ယူ-၁၉ ခြေစစ်ပွဲ ဒုတိယအဆင့်၊ ယူ-၁၆ အမျိုးသမီးအသင်းက အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်နှင့် အခြားဖိတ်ခေါ်ပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%9B%E1%80%9B%E1%80%94%E1%80%BA-%E1%80%9C%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%85%E1%80%AE%E1%80%99%E1%80%B6%E1%80%80%E1%80%AD%E1%80%94%E1%80%BA%E1%80%B8-%E1%80%81%E1%80%BB%E1%80%99%E1%80%BE%E1%80%90%E1%80%BA%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%80%E1%80%BA%E1%80%99%E1%80%8A%E1%80%BA