spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲ မန္တလေးတိုင်းဒေသကြီးအမျိုးသားဖူဆယ်အသင်း အနိုင်ရဗိုလ်စွဲ

၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲ မန္တလေးတိုင်းဒေသကြီးအမျိုးသားဖူဆယ်အသင်း အနိုင်ရဗိုလ်စွဲ

 
နေပြည်တော်၊ နိုဝင်ဘာလ(၁ဝ)ရက်။
 
မျိုးဆက်သစ်  အားကစားသမားများ  စဉ်ဆက်မပြတ်  ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်  အားကစားပြိုင်ပွဲများကို  နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ၂ဝ၁၇ခုနှစ်၊  တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး      ဖူဆယ်ပြိုင်ပွဲ အမျိုးသားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ယနေ့နံနက်(၉)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်ပြိုင်ပွဲရုံ၌ ယှဉ်ပြိုင်ကစား ကြပြီး ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ရာ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ဆုများ ချီးမြှင့်ပါသည်။ 
 
ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ (၃)ဂိုး၊ (၂)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားပါသည်။
 
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရရှိ သော ရခိုင်ပြည်နယ်အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုး မှ တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ ဒုတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦီးမြသန်းထိုက်မှ တစ်ဦးချင်းဆုတံဆိပ်များကို လည်းကောင်း၊ ပထမဆုရရှိသော ပဲခူးတိုင်းဒေသကြီးအသင်းအား အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဒေါ်လွှီးဇာမှ တစ်ဦးချင်းဆုတံဆိပ်များကို လည်းကောင်း၊
 
ဆက်လက်၍ ဖူဆယ်အမျိုးသားပြိုင်ပွဲတွင် တတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးဝင်းဇော်မှ တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ ဒုတိယဆုရရှိသော ရှမ်းပြည်နယ်အသင်းအား အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် မန်းထွန်းကြိုင်မှ တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ ပထမဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းအား အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဒေါက်တာ ကျော်ငွေမှ တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း၊
 
 
ဖူဆယ်အမျိုးသားပြိုင်ပွဲတွင် အကောင်းဆုံးဂိုးသမားဆုရ ရှမ်းပြည်နယ်အသင်းမှ ကျောနံပါတ်(၁) စံဖြိုးနှင့် အကောင်းဆုံးအားကစားသမားဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၁ဝ) သီဟသူ တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ အကောင်းဆုံးဆုတံဆိပ်များကိုလည်းကောင်း 
 
 
ယင်းနောက် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသွားသော ပဲခူးတိုင်းဒေသကြီးအသင်းအား အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဒေါ်နော်ဆာမူတူး က တံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသွားသော မန္တလေးတိုင်း ဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ တံခွန်စိုက်ဆုဖလားကို လည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီး ဆုရရှိသောအသင်းများနှင့်အတူ စုပေါင်းအမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါ သည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%87-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%96%E1%80%B0%E1%80%86%E1%80%9A%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2