ရန်ကုန်၊ နိုဝင်ဘာလ( ၁၃ )ရက်။
နိုဝင်ဘာ(၁၁)ရက်မှ (၁၂)ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကူမင်းမြို့၌ကျင်းပသည့် (၅)နိုင်ငံဖိတ်ခေါ်ကြက်တောင်တံခွန်စိုက် Yunnan Asian National Badminton Championships 2017 ပြိုင်ပွဲတွင်ရွှေတံဆိပ် (၄)ဆု ဖြင့်နိုင်ငံ အလိုက်ပထမ ရရှိကာ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဌဦးအောင်ပိုင် ဦးဆောင်၍ အုပ်ချုပ်နည်းပြကစားသမား(၁၄)ဦးတို့သည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ယနေ့ညနေ (၃)နာရီအချိန် က ရောက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျွမ်းကျင်ပညာရှင် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဒုတိယ ဥက္ကဌ ဒေါက်တာမြလေးစိန် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ အမှုဆောင်နှင့် အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများက သောင်းသောင်းဖျဖျကြိုဆိုခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် လာအို အသင်းများမှ အားကစားသမားပေါင်း(၁ဝဝ)ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအသင်း က အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် အောင်မျိုးထူး ရွှေတံဆိပ်(၁)ဆု၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် သက်ထားသူဇာ ကရွှေတံဆိပ်(၁)ဆု၊ အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲတွင် အာကာဖုန်းမြတ်နှင့် ဟိန်းစည်သူတိုး တို့က ရွှေတံဆိပ်(၁)ဆု၊ အမျိုးသား/အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ချမ်းဝင်းဦး နှင့်သက်ထားသူဇာတို့က ရွှေတံဆိပ်(၁)ခု စုစုပေါင်း ရွှေတံဆိပ်(၄)ဆုဖြင့် မြန်မာနိုင်ငံက ပထမ၊ တရုတ်နိုင်ငံက ဒုတိယနှင့် ထိုင်းနိုင်ငံတို့က တတိယရရှိခဲ့ကြောင်းသတင်းရရှိသည်။