spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်မှ မြန်မာအသင်းပါဝင်သောအုပ်စုကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရ

၂ဝ၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်မှ မြန်မာအသင်းပါဝင်သောအုပ်စုကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရ

 
ရန်ကုန် ဇန်နဝါရီ ၁၁
 
ဧပြီလနောက်ဆုံးပတ်တွင်ကျင်းပမည့် ၂ဝ၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်မှ မြန်မာအသင်းပါဝင်သောအုပ်စုကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိခဲ့သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ဒုတိယအဆင့်အုပ်စုပွဲစဉ်များကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့်နိုင်ငံများအား ဇန်နဝါရီ ၁ဝ ရက်ကထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ကိုကျင်းပခွင့်ပေးခဲ့ခြင်းဖြစ်သည်။ ဒုတိယအဆင့်ခြေစစ်ပွဲကို အသင်းရှစ်သင်းဖြင့်ကျင်းပမည်ဖြစ်ပြီး သြစတြေးလျ၊ တောင်ကိုရီးယား၊ ဥဇဘက်ကစ္စတန်၊ မြန်မာ၊ ဗီယက်နမ်၊ အီရန်၊ လက်ဘနွန်နှင့် နီပေါအသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကာ လေးသင်းနှစ်အုပ်စုခွဲ၍ကျင်းပမည်ဖြစ်သည်။ ပထမအဆင့်ခြေစစ်ပွဲများကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်ကကျင်းပခဲ့ပြီး မြန်မာအသင်းသည် အုပ်စု(စ)တွင် လာအိုအသင်း၊ အီရန်အသင်းတို့နှင့် ကျရောက်ခဲ့သည်။ ပါလက်စတိုင်းအသင်း နုတ်ထွက်သွားသောကြောင့် သုံးသင်းသာ ယှဉ်ပြိုင်ခဲ့ရပြီး မြန်မာအသင်းသည် ပထမပွဲတွင် လာအိုအသင်းကို ၄ ဂိုး ၃ ဂိုးဖြင့်ရှုံးနိမ့်သော်လည်း ဒုတိယပွဲတွင် အီရန်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့၍ အကောင်းဆုံး အုပ်စုဒုတိယဖြင့် ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအဆင့်ခြေစစ်ပွဲကို ဧပြီ ၂၆ ရက်မှ ၃ဝ ရက်အထိကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းပါဝင်သောအုပ်စုပွဲများကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဒုတိယအဆင့်ခြေစစ်ပွဲမတိုင်မီ ပြည်တွင်းပြည်ပ ခြေစမ်းပွဲများစွာ ယှဉ်ပြိုင်မည်ဖြစ်ပြီး မတ်လတွင် ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE-%E1%80%9A%E1%80%B0-%E1%81%81%E1%81%89-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%81%E1%80%BC%E1%80%B1%E1%80%85%E1%80%85%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%A1%E1%80%86%E1%80%84%E1%80%BA%E1%80%B7%E1%80%99%E1%80%BE-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%AB%E1%80%9D%E1%80%84%E1%80%BA%E1%80%9E%E1%80%B1%E1%80%AC%E1%80%A1%E1%80%AF%E1%80%95%E1%80%BA%E1%80%85%E1%80%AF%E1%80%80%E1%80%AD%E1%80%AF-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%80