spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > Men'sAsian Challenge 2017 အမျိုးသားဟော်ကီပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

Men'sAsian Challenge 2017 အမျိုးသားဟော်ကီပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

 
ရန်ကုန်၊ နိုဝင်ဘာလ(၁ဝ)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်သည် ဟော်ကီအားကစားနည်း တိုးတက်မြင့်မားလာအောင် အဖက်ဖက်မှ အရှိန်အဟုန်ဖြင့် စတင်ဆောင်ရွက်လျက်ရှိရာ အာရှဖိတ်ခေါ် အမျိုးသားဟော်ကီပြိုင်ပွဲများကို   မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် နိုဝင်ဘာလ (၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ Men'sAsian Challenge 2017 အမျိုးသား ဟော်ကီပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည် (၁)နာရီက ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တက်ရောက် အမှာစကားပြောကြားခဲ့သည်။
 
အစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာန (စီမံ/ဘဏ္ဍာ)ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် ဒုတိယကျောင်းအုပ်ကြီးများ၊ ရန်ကုန်တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ဥက္ကဌ ဦးစောလုလုထော်နှင့် အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ယခုပြိုင်ပွဲသည် အာရှအဆင့် ပြိုင်ပွဲ ဖြစ်တာကြောင့် အိမ်ရှင်နိုင်ငံအနေဖြင့် ပြိုင်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေး ဗီဇာ  ဝင်ခွင့်ရရှိရေး၊ သယ်ယူပို့ဆောင်ရေးနှင့် နေထိုင်/စားသောက်ရေး ကိစ္စရပ်များနှင့် လိုအပ်သည့် မိမိတို့ တာဝန်ယူထားသော ကဏ္ဍများကို ပူးပေါင်းဆောင်ရွက်စေလိုကြောင်းနှင့် အဖွဲ့ချုပ် အနေဖြင့်လည်း နိုင်ငံတကာပြိုင်ပွဲကို ကျင်းပနိုင်မှုအတွေ့အကြုံနည်းပါးခြင်းကြောင့် အဖက်ဖက်မှ လစ်ဟင်းမှုမရှိစေရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ ပါဝင်ကူညီ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါကြောင်း ကစားသမားများ ပြိုင်ပွဲဝင်နေစဉ် ကာလအတွင်း လုံခြုံရေးအတွက် အထူးဂရုစိုက်စေလိုကြောင်းဖြင့် ရှင်းလင်းပြောကြားသွားသည်။
 
ဆက်လက်ပြီး အဖွဲ့ချုပ်ဥက္ကဌ ဦးစောလုလုထော် ၊ အတွင်းရေးမှူး ဦးခင်မောင်လတ် တို့မှ ပြိုင်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို ကိုကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ပြိုင်ပွဲ မစတင်မီနှင့် ပြိုင်ပွဲပြီးဆုံးသည်အထိ မိမိတို့တာဝန်ယူထားသည့် လုံခြုံရေးကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ပြိုင်ပွဲကွင်းနှင့် ဟိုတယ်အသွား/အပြန် ရှေ့ပြေးယာဉ်ထားရှိမှု၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု၊ ရန်ကုန်လေဆိပ်တွင် ကစားသမား များအဝင်/အထွက် အဆင်ပြေ ချောမောအောင်ဆောင်ရွက်ပေးနိုင်မှု၊ လျှပ်စစ်မီးအရံထားရှိမှု၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအစီအစဉ်တွင် ပြိုင်ပွဲမကျင်းပမီ ှSports Light  စာတမ်းထိုး ကြိုတင်ကြေငြာထားမှုနှင့် ပြိုင်ပွဲအနိုင်/အရှုံးများ ကို ရုပ်/သံတွင် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးနိုင်မှု၊ ပြိုင်ပွဲတွင် အုပ်ချုပ်သူ /နည်းပြ နှင့် အားကစားသမားများ သတ်မှတ် ဟိုတယ်များတွင် အဆင်ပြေနေရာချထားမှုတို့ကို တာဝန်ရှိသူ အသီးသီးတို့က ရှင်းလင်းတင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်ချက်များကို ဖြည့်စွက်မှာကြားကာ ညှိနှိုင်းအစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။
 
Men's Asian Challenge 2017 ပြိုင်ပွဲကို ရန်ကုန်မြို့ မဂင်္လာတောင်ညွန့်မြို့နယ်  သိမ်ဖြူဟော်ကီကွင်းတွင်နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ မြန်မာ၊  တရုတ်(တိုင်ပေ) ၊ဟောင်ကောင်(တရုတ်)၊ ဘရူနိုင်း အသင်းပေါင်း(၄)သင်းမှ အုပ်ချုပ်သူ/ နည်းပြ၊ ဒိုင်ဂျူရီနှင့်ကစားသမားစုစုပေါင်း (၁၂ဝ)ဦး တို့ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/mensasian-challenge-2017-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%9F%E1%80%B1%E1%80%AC%E1%80%BA%E1%80%80%E1%80%AE%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2