spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အား/ကာသိပ္ပံအသင်း နိုင်ပွဲဆက်

အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အား/ကာသိပ္ပံအသင်း နိုင်ပွဲဆက်

 

၁၁ ဇန်နဝါရီ

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၆) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ကျင်းပရာ အား/ကာသိပ္ပံအသင်း နိုင်ပွဲဆက်ခဲ့သည်။ အား/ကာသိပ္ပံ အသင်းသည် အား/ကာဦးစီးဌာနအသင်းနှင့် တွေ့ဆုံခဲ့ပြီး ကိုးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

အား/ကာမှ ဖွဲ့စည်းထားသည့် အသင်းနှစ်သင်းတွေ့ဆုံသည့် ဒါဘီပွဲဖြစ်ပြီး အား/ကာသိပ္ပံ အသင်းက နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အား/ကာသိပ္ပံအသင်းသည် ယခုပွဲအနိုင်ရခဲ့သောကြောင့် ဇယားထိပ်ပိုင်းမှ အသင်းများကို သုံးမှတ်အကွာဖြင့် ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။ 

ထိပ်ဆုံးမှအသင်းများကို အမီလိုက်နိုင်ရန်အတွက် အား/ကာသိပ္ပံအသင်းသည် ပွဲစကတည်းက ကြိုးပမ်းခဲ့သည်။ သို့သော် အား/ကာဦးစီးဌာနအသင်းက ဦးဆောင်ဂိုးစရခဲ့ပြီး ၆ မိနစ်တွင် မိုးမိုးသန်းက သွင်းယူခဲ့သည်။ 

အား/ကာသိပ္ပံအသင်းသည် ဂိုးပေးလိုက်ရသော်လည်း ကစားကွက်ပျက်မသွားဘဲ ၁၇ မိနစ်တွင် နုနုက ချေပဂိုးပြန်သွင်းခဲ့သည်။ သရေကျပြီးနောက်ပိုင်းတွင် အား/ကာသိပ္ပံအသင်းက စိတ်ကြိုက်ကစားသွားပြီး နုနုက ၁၉၊၂၁၊ ၄၉၊ ၇၁၊ ၈၄ မိနစ်တွင် ငါးဂိုးထပ်သွင်းကာ ကျန်ဂိုးများကို မိနစ် ၅၀ တွင် မေဖူးကို၊ ၅၉ မိနစ်တွင် ခင်မာလာထွန်းနှင့် ၉၀+ ၁ မိနစ်တွင် နန့်မေသဇင်တို့က သွင်းယူခဲ့သည်။

အား/ကာဦးစီးဌာနအတွက် ချေပဂိုးတစ်ဂိုးကို ၅၄ မိနစ်တွင် မိုးမိုးသန်းက သွင်းယူခဲ့သည်။

ပွဲစဉ်(၆) အပြီးတွင် သစ္စာအားမာန်နှင့် မြဝတီအသင်းက ၁၆ မှတ်စီ၊ အား/ကာသိပ္ပံအသင်းက ၁၃ မှတ်၊ YREO အသင်းက ၁၀ မှတ်၊ အား/ကာဦးစီးဌာနအသင်းက ရှစ်မှတ်၊ ဇွဲကပင်နှင့် ဂန္ဓမာအသင်းက သုံးမှတ်စီရထားပြီး တက္ကသိုလ်အသင်းမှာမူ ခြောက်ပွဲစလုံးရှုံးထားသည်။ သစ္စာအားမာန်အသင်းမှာမူ ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်လျက်ရှိသည်။

 

Crd:မြန်မာ့အလင်းသတင်းစာ


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%9C%E1%80%AD%E1%80%82%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%AC%E1%80%9E%E1%80%AD%E1%80%95%E1%80%B9%E1%80%95%E1%80%B6%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%86%E1%80%80%E1%80%BA