spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ ခုနှစ်၊ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ကျရောက်မည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် Myanmar Union Day Peace Run (၅)ကီလိုမီတာ အပြေးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညိႇနှိုင်း အစည်းအဝေးကျင်းပ

၂ဝ၁၉ ခုနှစ်၊ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ကျရောက်မည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် Myanmar Union Day Peace Run (၅)ကီလိုမီတာ အပြေးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညိႇနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ(၁ဝ)ရက်။

၂ဝ၁၉ ခုနှစ်၊ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ကျရောက်မည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် Myanmar Union Day Peace Run(၅)ကီလိုမီတာ အပြေးပြိုင်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညိႇနှိုင်းအစည်းအဝေးအား ယနေ့နံနက် (၁ဝ:ဝဝ)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ Pocari Sweat တာ၀န်ခံ ဦးဇော်မင်းထွန်း၊ Milo (Nestle) တာ၀န်ခံ ဒေါက်တာဆုနွယ်ဇော်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ခံများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ဖေဖော်ဝါရီလ(၁၂)နေ့တွင်ကျရောက်မည့် (၇၂)နှစ်ပြည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် ယခု အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့ အားကစားဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရာတွင် အဓိကအားဖြင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော်လည်း ပြည်သူတစ်ရပ်လုံး၊ ဝန်ကြီးဌာနများအားလုံး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များ အားလုံး၊ အားကစားဝါသနာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် မီဒီယာလောကသားများပါမကျန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မှာဖြစ်ပါကြောင်း၊ မြန်မာ့အားကစားအောင်မြင်မှု မြင့်မားခဲ့သည့် အချိန်ကာလများကို ပြန်ကြည့်ရင် တစ်တိုင်းပြည်လုံး အတိုင်းအတာနှင့် Mass Sport လို့ခေါ်တဲ့ လူထု အားကစားလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်ခဲ့ကြတဲ့ ၁၉၆ဝ ပြည့်လွန်နှစ်များနှင့် ၁၉၇ဝနှစ်များမှာ အောင်မြင်မှု အမြင့်မားဆုံး ဖြစ်ခဲ့ပါကြောင်း၊ လူထုအားကစား လှုပ်ရှားမှု များဖြစ်သည့် အားကစားပြိုင်ပွဲများကို ရက်ကွက်ကျေးရွာပေါင်းစုံ၊ မြို့နယ်ပေါင်းစုံ၊ ခရိုင်ပေါင်းစုံ အားကစားပြိုင်ပွဲများ၊ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စသည့်ပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပခဲ့ပါကြောင်း၊ ပညာရေးဘက်တွင်လည်း အခြေခံပညာကျောင်းတိုင်းမှာ အားကစားလေ့ကျင့်ချိန်ရှိပါကြာင်း၊ အဆင့်မြင့်ပညာဦးစီးဌာနတွင်လည်း မေဂျာအလိုက် အားကစား လိုက်ပြိုင်ပွဲများ ကျင်းပပါကြောင်း၊ ကျောင်းသားအားကစားပွဲတော်များနှင့် အမျိုးသားအားကစား ပွဲများကို ကျင်းပပေးခဲ့ဖူးကြောင်း ထိုမှတစ်ဆင့် ယခုကျင်းပသည့်အစည်းအဝေးတွင် တိမ်မြုပ် ပျောက်ကွယ်နေပြီဖြစ်သော အထိမ်းအမှတ် အားကစားပြိုင်ပွဲများအနက် ပြိုင်ပွဲတစ်ခုဖြစ်သည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အပြေးပြိုင်ပွဲတစ်ခုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ပြန်လည်ကျင်းပပေးမည့် Myanmar Union Day Peace Run တစ်ခုပင် ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသော တိုင်းဒေသကြီးနှင်ပြည်နယ်များမှ တာဝန်ရှိသူများ အနေဖြင့် လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ ပြောကြားရာတွင် ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့၊ နံနက်(၆)နာရီမှစ၍ Myanmar Union Day Peace Run (၅)ကီလိုမီတာ အပြေးပြိုင်ပွဲအား တိုင်းဒေသကြီးနှင့်ပြည်နယ် အားလုံး တစ်ချိန်တည်း တာလွှတ် ပေးမည်ဖြစ်ကြောင်း၊

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် ပြိုင်ပွဲလက်ခံကျင်းပရန် ကုန်ကျစရိတ်များ ပြိုင်ပွဲကျင်းပရန်နေရာများ၊ ပြိုင်ပွဲယှဉ်ပြိုင်ရန် ဒေသအလိုက် ပြည်သူများအား စည်းရုံးထားရှိမှု အခြေအနေများ ဒေသခံတိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအသီးသီးတို့အား ကြိုတင်ညှိနှိုင်းတင်ပြ ထားရှိမှုအခြေအနေများ၊ ပါဝင်ယှဉ်ပြိုင်လာမည့် ပြိုင်ပွဲဝင်ဦးရေ ခန့်မှန်းချက်များ၊ အထွေထွေ ကုန်ကျစရိတ်များ အသီးသီးတင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ ပြန်လည်ညှိနှိုင်း အကြံပြုဆွေးနွေးကြပါသည်။

ဆက်လက်၍ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဓိက စပွန်ဆာ ကုမ္ပဏီများဖြစ်ကြသော Pocari Sweat မှ ဦးဇော်မင်းထွန်းမှ ပြောကြားရာတွင် မိမိတို့ကုမ္ပဏီမှ ရန်ကုန်၊ တောင်ကြီး၊ ပြည်မြို့ (၃)မြို့အား အဓိက စပွန်ဆာပေးမည်ဖြစ်ပြီး ဆုတံဆိပ်၊ ဆုကြေးငွေနှင့် Pocari Sweat တီရှပ်များ ပေးဝေမည်ဖြစ်ကြောင်း ပြေးလမ်းတစ်လျှောက် ကြော်ငြာ၊ ဗီနိုင်း၊ ရေဓါတ်ဖြည့် နေရာများအား ပံ့ပိုးပေးရေး ကိစ္စရပ်များတင်ပြပါသည်။

ဆက်လက်၍ Milo (Nestle) Co.Ltd ကုမ္ပဏီမှ တာဝန်ခံ ဒေါက်တာဆုနွယ်ဇော်မှ ပြောကြားရာတွင် မိမိတို့ကုမ္ပဏီမှ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန်တလေး၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း တိုင်းဒေသကြီး(၆)ခုအား ဆုတံဆိပ်၊ ဆုကြေးငွေနှင့် Milo တီရှပ်များ ပေးဝေ မည်ဖြစ်ကြောင်း ပြောကြားပါသည်။

ထို့နောက် အခမ်းအနားတက်ရောက်ကြသူများ ဖြည့်စွက်မှာကြားခဲ့ကြပြီး ဒုတိယဝန်ကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် စပွန်ဆာမရရှိသော ကျန်ဒေသများအား ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် Net Ray Life Fitness Co.Ltd မှ ပံ့ပိုးမည်ဖြစ်ပါကြောင်းနှင့် ကျန် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ ကုန်ကျစရိတ်အား အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကုန်ကျခံ သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများ အားလုံးပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ရေး အဓိက ဦးတည် ကျင်းပသည်ဖြစ်ရာ အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A%E1%80%96%E1%80%B1%E1%80%96%E1%80%B1%E1%80%AC%E1%80%BA%E1%80%9D%E1%80%AB%E1%80%9B%E1%80%AE%E1%80%9C%E1%81%81%E1%81%82%E1%80%9B%E1%80%80%E1%80%BA%E1%80%94%E1%80%B1%E1%80%B7-%E1%80%80%E1%80%BB%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%99%E1%80%8A%E1%80%BA%E1%80%B7-%E1%81%87%E1%81%82%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%94%E1%80%B1%E1%80%B7-%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-myanmar