နေပြည်တော်၊ ဇန်နဝါရီလ(၁၆)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကကြီးမှူးကျင်းပသည့် ကျန်းမာရေးနှင့်အားကစားကဏ္ဍတွင် သတိပဌာန်အခြေခံသော စိတ်ခံစားမှုဖွံ့ဖြိုးရေး ဓမ္မသဘင်အခမ်းအနားကို ယနေ့ညနေ (၄) နာရီခွဲအချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ မထေရ်မြတ်ထံမှ တရားနာပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ မထေရ်မြတ်က “ကျန်းမာရေးနှင့်အားကစားကဏ္ဍတွင် သတိပဌာန်အခြေခံသော စိတ်ခံစားမှုဖွံ့ဖြိုးရေး” အမည်ရှိ တရားတော်ကို ဟောကြားသည်။
ဆက်လက်၍ ဓမ္မသဘင်အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်ဇနီး ဒေါက်တာနန်းခမ်းမိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းမိသားစုများ၊ တရားချစ်ခင် သူတော်ကောင်းများတက်ရောက် ရိုသေစွာနာယူကြည်ညိုကြပြီး သိရှိလိုသည်များကို မေးမြန်းလျှောက်ထားကြရာ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိက ပြန်လည်ရှင်းလင်း ဟောကြားတော်မူသည်။
ထို့နောက် ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိထံ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်ဇနီးတို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများမိသားစုများ၏လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူတော်ငွေကျပ် သိန်းတစ်ရာ့ရှစ်သောင်းကိုလည်းကောင်း၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က လှူဖွယ်ဝတ္ထုပစ္စည်းနှင့် သင်္ကန်း(၁၁)စုံတို့ ကိုလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် ဧည့်ပရိသတ်များက ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းလောင်း အမျှပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။