ရန်ကုန်၊ ဇန်နဝါရီ (၁၉)။
မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း၊ စတုတ္ထအကြိမ် အသင်းဝင်များ စုံညီတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန မှတာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ ပြန်လည်ဖွဲ့စည်း ရေးကြီးကြပ်အဖွဲ့ဝင်များနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများနှင့် အလှူရှင်များနှင့် အားကစားနည်း အလိုက် မြန်မာ့ အားကစားလက်ရွေးစင်ဟောင်းကြီးများ စုံညီစွာ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း ဥက္ကဌ ဦးနန္ဒကျော်စွာက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် မိမိတို့ ရဲ့အသင်းအဖွဲ့သည် မိမိတို့ သက်တမ်းတစ်လျှောက်လုံး ကြိုးစားခဲ့ရတဲ့ အားကစားနှင့် ပတ်သတ်တဲ့ အသိဉာဏ်၊ ဗဟုသုတတွေကို အသက်ရှင်နေသရွေ့ နောင်လာနောက်သား အားကစားသမား လူတော်/လူကောင်းများကို လက်ဆင့်ကမ်း ပေးနိုင်သော အဖွဲ့အစည်းအဖြစ် ဆက်လက် ကျင့်သုံး ထမ်းဆောင်သွားပါမည်။ မြန်မာ့အားကစားလောက တိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားပါမယ်လို့ ပြောကြားသွားခဲ့သည်။
ဆက်လက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အမှာစကားပြောကြားရာတွင် မြန်မာ့လက်ရွေးစင် ဟောင်းများအသင်းကို ၂၀၁၃ခုနှစ်၊ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ 27th SEA Games ပြိုင်ပွဲအပြီးမှာ မြန်မာ့လက်ရွေးဟောင်းများမှ စုစည်းတိုင်ပင်ပြီး မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးမည့် အဖွဲ့အစည်းတစ်ခုကို ရည်ရွယ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါကြောင်း
အသင်းဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်မှာ မြန်မာ့အားကစားတိုးတက်အောင်မြင်စေရေး မြန်မာ့လက်ရွေးစင်ဟောင်းများ ချစ်ခင်ညီညွတ်စွာစုစည်း၍ အချင်းချင်း လူမှုရေးလိုအပ်ချက်များ ကူညီစောင့်ရှောက်ရေးနှင့် နိုင်ငံတော်၏ အားကစားဆိုင်ရာ အရေးကိစ္စများတွင် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ရေးစတဲ့ အချက်များနဲ့ ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း
အသင်းကို ၂၀၁၆ခုနှစ်၊ ဧပြီလ (၈)ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန အသင်းအဖွဲ့များ ဖွဲ့စည်းရေးကြီးကြပ်အဖွဲ့မှ တရားဝင်ဖွဲ့စည်းခွင့်ပြုထားပြီး ဖြစ်သည်နှင့်အညီ ယခုဆိုလျှင် အားကစားနည်းအလိုက် မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အားကစားသမားဟောင်း အင်အား (၂၇၆)ဦးခန့် အဖွဲ့ချုပ်နှင့် ဆက်သွယ်ပြီး အားကစားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ပူးပေါင်းပါဝင်ဆောင်ရွက်လာကြတာကို သိရတဲ့အတွက်လည်း ဝမ်းသာ ဂုဏ်ယူမိပါကြောင်း။
ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ အားကစားအဖွဲ့ချုပ်အသီးသီးကို ဒီမိုကရေစီနည်းကျစွာ ထင်သာမြင်သာ ပွင့်လင်းစွာဖြင့် ရွေးကောက်ပွဲကော်မရှင်များနဲ့ ပြန်လည်ဖွဲ့စည်းရာမှာ လက်ရွေးစင်ဟောင်းများက အားကြိုမာန်တက် ပါဝင်ကူညီဆောင်ရွက်ပေးတဲ့အတွက် မိမိတို့ ဝန်ကြီးဌာနအနေနှင့် မှတ်တမ်းတင် ဂုဏ်ပြုချီးကျူးအပ်ပါကြောင်း။
ယနေ့ မြန်မာ့အားကစား အဆင့်အတန်းဟာ သိသိသာသာ ထူးထူးခြားခြား တိုးတက်မှုမရှိပဲ အခြား အာဆီယံနိုင်ငံများနှင့် ရင်ဘောင်တန်းရာမှာ တချို့သော အားကစားနည်းတော်တော်များ၌ အောင်မြင်မှု အဆင့်အတန်းနဲ့ အလှမ်းကွာဟ နိမ့်ကျနေတာကို အားလုံးသိမြင်နေကြပြီးဖြစ်တဲ့အတွက် လက်ရွေးစင်ဟောင်းများ တစ်ဦးချင်း တစ်ဖွဲ့ချင်းမှသည် နိုင်ငံချစ်စိတ် အားကစားချစ်စိတ် အရင်းတည်လျက် မိမိထံသို့လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ထံသို့လည်းကောင်း၊ အကြံဉာဏ်ကောင်းများကို အချိန်မရွေး ပေးကြပါရန် စိတ်ရင်းစေတနာဖြင့် တိုက်တွန်းလိုပါကြောင်း၊ အာကစားကို အမှန်တကယ်ချစ်မြတ်နိုးလျှက် မိမိတို့ ဆွတ်ခူးခဲ့သော ရွှေတံဆိပ်မျိုးသာမက စံချိန်းအမျိုးမျိုးချိုးနိုင်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ပေါက်ရေးမှာ ယနေ့ အခမ်းအနားမှာ ရောက်ရှိနေကြသော လက်ရွေးစင်ဟောင်းကြီးများ၏ အမျိုးသားရေးတာဝန်တစ်ရပ်ဟု စွဲမြဲမှတ်ယူ ကျင့်ကြံစေလိုပါကြောင်း
ပြည်အင်အားသည် ပြည်တွင်းမှာရှိသည်ဟူသော အမျိုးသားရေးဆောင်ပုဒ် တစ်ရပ်ကဲ့သို့ အားကစားအောင်မြင်မှု အရင်းအမြစ်သည် ဤအသင်းကြီး၏ လက်ထဲတွင် ရှိသည်ဟုပင် မိမိအနေဖြင့် တင်စားလိုပါကြောင်း၊
လတ်တလော မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော National Health Seminar ရဲ့ Outcome ဖြစ်သော Exercise is Medicine (EIM) လှုပ်ရှားမှုများမှာလည်း တတ်နိုင်သမျှ ပါဝင်လှုပ်ရှား ပေးကြပါရန်နှင့် အသင်းကြီးအနေဖြင့် မြန်မာ့အားကစားတိုးတက်ရေး လမ်းကြောင်းမှန် ရောက်ရှိစေဖို့ ဘက်စုံထောင့်စုံမှနေ၍ လက်ရှိထက် အရှိန်အဟုန်မြှင့်တင် ကူညီဆောင်ရွက်ပေးကြဖို့ တိုက်တွန်းအပ်ပါကြောင်းနှင့် မိမိတို့ ဝန်ကြီးဌာနအနေနှင့် အသင်းကြီး၏ တိုးတက်ရာတိုးတက်ကြောင်းအတွက် အဘက်ဘက်မှ ကူညီဖြည့်စွက် ဆောက်ရွက်ပေးပါမည်ဟု ပြောကြားခဲ့သည်။
ယင်းနောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း ဘဏ္ဍာရေးမှူး ဦးထွန်းဇော်က အသင်း၏ ဘဏ္ဍာငွေ စာရင်းရှင်းတမ်းများ အစီရင်ခံတင်ပြပြီး၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း၏ ဂုဏ်ထူးဆောင်အသင်းဝင် ဦးထွန်းမောင်က သြဝါဒစကား မွတ်ကြားခဲ့သည်။
ထို့နောက် မြန်မာ့အားကစား လက်ရွေးဟောင်းများအသင်းသို့ အလှူငွေများ လှူဒါန်းရာ အားကစားဝန်ကြီးဌာနဝန်ကြီး(ငြိမ်း) ဗိုလ်မှူးချုပ်သူရအေးမြင့်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အသီးသီးနှင့် အလှူရှင်များက အလှူငွေကျပ် စုစုပေါင်း သိန်း(၁၀၀) ကျော်ခန့် လှူဒါန်းရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမှုဆောင် ဦးကျော်ခင်၊ ပြန်ကြားရေးကော်မတီ ဥက္ကဌ ဦးအုန်းရှိန်၊ ဒေါ်ဘေဘီ၊ အတွင်းရေးမှူး ဦးစိုးသိန်းနှင့် ဘဏ္ဍာရေးမှူး ဦးထွန်းဇော်တို့က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များပြန်လည် ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြန်မာ့အားကစားသမား လက်ရွေးစင်ဟောင်းများအသင်း ဥက္ကဌ ဦးနန္ဒကျော်စွာက နှစ်ပတ်လည်မဂ္ဂဇင်း ဖြစ်မြောက်ရေး မဂ္ဂဇင်း ထုတ်ပေးနိုင်ရေးအတွက် ဝိုင်းဝန်ပံ့ပိုး ကူညီခဲ့ကြသော ကြော်ငြာရှင်များ၊ ကာတွန်း၊ ဝတ္ထုတို ဆောင်ပါးစာမူရှင်များအား မှတ်တမ်းလွှာနှင့် တကွ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး အမျိုးသားစာကြည့်တိုက်နှင့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သို့ နှစ်ပတ်လည် မဂ္ဂဇင်းများအား တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှ စာကြည့်တိုက်မှူး ဒေါ်နုနုစံသို့ ပေးအပ်လှူဒါန်းခဲ့သည်။
မြန်မာ့အားကစားသမား လက်ရွေးစင်ဟောင်းများအသင်း ပြန်ကြားရေး ကော်မတီဥက္ကဌ ဦးအုန်းရှိန်က ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် လက်ရွေးစင်ဟောင်းများအား စုံညီတွေ့ဆုံပွဲ အထိမ်းအမှတ် ကံစမ်းမဲဖောက်ပေးပြီး နေ့လည်စာနှင့် တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။