ရန်ကုန်၊ ဇန်နဝါရီလ (၁၈)ရက်။
(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ မြားပစ်ပြိုင်ပွဲတွင် အောင်မြင်မှု ဆုတံဆိပ်များ ရရှိကြသည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် (၃၀) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ မြားပစ်ပြိုင်များတွင် အောင်မြင်မှု ရရှိရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ကျိုက္ကဆံကွင်း ဂိတ်(၅)ရှိ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်၌ ကျင်းပရာ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးဇေသီဟ၊ ဒုတိယဥက္ကဌ ဦးကျော်ဦး၊ ဒေါက်တာမြတ်သူရစိုး၊ ဦးတောက်တွန်းနှင့် အမှုဆောင်များ၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမိမိအောင်၊ ပါမောက္ခ ဒေါက်တာမြင့်မြင့်မော်၊ တွဲဘက်ပါမောက္ခ ဒေါ်ထန်ခန့်ဒိမ့်နှင့် ဆုရ အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးဇေသီဟမှ အဖွင့်အမှာ စကားပြောကြားပြီး (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ မြားပစ်အားကစားပြိုင်ပွဲ Compound အမျိုးသမီးတစ်ဦးချင်း ရှုံး/ထွက် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စုစုလှိုင်အား ဂုဏ်ပြုဆုငွေကျပ် သိန်း(၃၀) ကိုပေးအပ်၍လည်းကောင်း၊ ဒုတိယဥက္ကဌ ဦးကျော်ဦးက Compound အမျိုးသမီး အသင်းလိုက် ရှုံး/ထွက် ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် စုစုလှိုင်၊ လှလှစံနှင့် ခက်ခက်တုံ တို့အား ဂုဏ်ပြုဆုငွေကျပ် သိန်း(၂၀) ကိုပေးအပ်၍ လည်းကောင်း၊ ဒုတိယဥက္ကဌ ဒေါက်တာမြတ်သူရစိုးက Recurve အမျိုးသမီးအသင်းလိုက် ရှုံး/ထွက်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဆန်းနုလွင်၊ သော်တာမြင့်၊ ခင်သက်သက်ဇွန် တို့အား ဂုဏ်ပြုဆုငွေ ကျပ်(၁ဝ) သိန်းကိုပေးအပ်၍လည်းကောင်း၊ ဒုတိယဥက္ကဌ ဦးတောက်ထွန်းက Recurve အမျိုးသားအသင်းလိုက် ရှုံး/ထွက် ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဝေလင်းထွန်း၊ ဂေရွှီ၊ ကောင်းထက်လင်းတို့အား ဂုဏ်ပြုဆုငွေကျပ် (၁ဝ)တို့ ကို အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်အမှုဆောင်များ အစည်းအဝေး ကျင်းပရာ ဥက္ကဌ ဦးဇေသီဟက (၃ဝ)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲအတွက် လိုအပ်သော ထောက်ပံ့မှုအားလုံးကို နိုင်ငံတော်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပံ့ပိုးသည့်နည်းတူ မိမိဘက်ကလည်း အတတ်နိုင်ဆုံး ဆီးဂိမ်းမှာ သတ်မှတ်ထားသည့် လူဦးရေအပြင် ၊ Extra Official ၊ Extra Coach၊ အားပေးမည့် ပရိသတ်နှင့် ချက်ပြုတ်ကျွေးမွေးမည့်သူများ ခေါ်ဆောင်သွားရန်အထိ စီမံ ဆောင်ရွက်လိုကြောင်းနှင့် အားကစားသမားများကို နိုင်ငံတော်က ချီးမြှင့်သည့် ဆုနည်းတူ အဖွဲ့ချုပ်အနေနဲ့နိုင်ငံတော်က ချီးမြှင့်သည့်အတိုင်း ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲတွင် နိုင်ငံတော်အတွက် Event အစုံ ဆယ်မျိုးလုံး ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်များများရအောင် ယခုထဲက စားသောက်ရေးနေထိုင်ရေး လေ့ကျင့်ရေးများကို အစစအရာရာ ဂရုတစိုက်အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့နဲ့၊ ရနိုင်သမျှ ရွှေတံဆိပ်များများရအောင်၊ Event အားလုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတန်းအတွင်းဝန်၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်ဦးက ''မြားပစ်အားကစားနည်းကို ရွှေတံဆိပ်ဆုရရှိအောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြင့်တက်စေ ရမည်'' ဟူသော မြန်မာနိုင်ငံမြားပစ်အဖွဲ၏ ဆောင်ပုဒ်အတိုင်း ၂ဝ၁၉ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ မြားပစ်ပြိုင်ပွဲများတွင် ရွှေတံဆိပ်များ ဆွတ်ခူးရရှိစေရန်နှင့် အောင်မြင်မှုရရှိစေရေး ကိစ္စရပ်များနှင့် ပက်သက်၍ရှင်းလင်းတင်ပြခဲ့သည်။
တက်ရောက်လာကြသည့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက အထွေထွေဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရသည်။