spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပြည်မြို့တွင် ပထမဆုံးအကြိမ် လူထုစုပေါင်းစက်ဘီးစီးပွဲ ပြုလုပ်

ပြည်မြို့တွင် ပထမဆုံးအကြိမ် လူထုစုပေါင်းစက်ဘီးစီးပွဲ ပြုလုပ်

 

 

ပြည် ဇန်နဝါရီ ၂၁ရက်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် လူထုစက်ဘီးစီးပွဲနှင့် အသက် ၁၆နှစ်နှင့်အောက် လူသစ်တန်းစက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့က ပြည်မြို့ အထက(၁)အနီး ကျောက်တိုင်ကွင်းမှ စတင်တာထွက်ခဲ့ကြောင်း သိရပြီး လူထုစက်ဘီးစီပွဲတွင် စက်ဘီး ၅၀၀ကျော်နှင့် လူငယ်လူသစ်တန်း၌ စက်ဘီးစီးရေ ၂၀၀ကျော်ပါဝင်ကာ Sri Ksetra Cycling Club မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။လူသစ်တန်းစက်ဘီးစီးပြိုင်ပွဲကို နံနက် ၅နာရီတွင်လည်းကောင်း၊ လူထုစက်ဘီးစီးပွဲကို နံနက် ၆ နာရီနှစ်ပိုင်းခွဲ၍ တာလွှတ်ခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

လူထုစက်ဘီးစီးပွဲတွင် အမျိုးသား၊ အမျိုးသမီး အသက်ကြီးငယ်မရွေး ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး လျှပ်စစ်၊ ဘက်ထရီစက်ဘီးများကို ပါဝင်ယှဉ်ပြိုင်ခွင့်မပြုကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ စတင်တာထွက်သည့် ကျောက်တိုင်ကွင်းမှ လမ်းမတော်၊ ဗိုလ်ချုပ်လမ်းအတိုင်း အသွားအပြန် ၁၅ ကီလိုမီတာ ၉မိုင်ကျော် အကွာအဝေးကို စီးနင်း၍ မူလတာထွက်ရာ ကျောက်တိုင်းကွင်းအတွင်း ပြန်လည်ပန်းဝင်ကြခြင်းဖြစ်သည်။

 

ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထဆုရရှိသူများအား စက်ဘီးတစ်ဘီး၊ စမတ်ဖုန်းတစ်လုံး၊ စက်ဘီးစီးဦးထုပ်တစ်လုံးနှင့် ဖုန်းဆင်းကတ်များကို ချီးမြှင့်ခဲ့ပြီး ခရီးစဉ်စဆုံးစီးနင်းသူများအတွက် အမှတ်တရတီရှပ်အင်္ကျီများကိုလည်းကောင်း၊ စက်ဘီးရှစ်စီးနှင့် အခြားသော အမှတ်တရပစ္စည်းများကိုလည်းကောင်း ကံစမ်းမဲဖောက်ပေးခဲ့သည်။  မြန်မာ့အလင်းသတင်းစာမှ ကောက်နှုတ်တင်ပြသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%95%E1%80%91%E1%80%99%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BD%E1%80%B2-%E1%80%95%E1%80%BC%E1%80%AF%E1%80%9C%E1%80%AF%E1%80%95%E1%80%BA