ကွာလာလမ်ပူ၊ သြဂုတ်လ (၂၂)ရက်။
မလေးရှားနိုင်ငံတွင်အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် ၂ဝ၁၇ခုနှစ် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို ကွာလာလမ်ပူမြို့ရှိ အားကစားကွင်း၊ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ KlCC convention center hall 5 ၌ ကျင်းပပြုလုပ်သော ဝူရှူးအားကစားနည်းမှ ထောက်လု၊ နန်းကျွမ်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ သိန်းသန်းဦး ဝင်ရောက်ယှဉ်ပြိုင်ရာ အဆင့်(၇)သာ ရရှိခဲ့ပြီး ထိုက်ကျိချွမ်ပြိုင်ပွဲတွင် မြန်မာမှ ခန့်မင်းထက် တတိယကြေးတံဆိပ်ကို ထပ်မံ ဆွတ်ခူးရရှိခဲ့ပါသည်။ ညနေပိုင်းဝူရှူးပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ထိုက်ကျိချွမ် ပြိုင်ပွဲတွင် မြန်မာမှ စန္ဒီဦး(၉.၆၆)မှတ်ဖြင့် ဒုတိယငွေတံဆိပ်ဆုကိုလည်းကောင်း၊ မြန်မာမှ မြတ်သက်စုဝေဖြိုး (၉.၆၇)မှတ်ဖြင့် ပထမရွှေတံဆိပ်ဆုကို လည်းကောင်း ဆွတ်ခူး ရရှိခဲ့ပါသည်။ ပြိုင်ပွဲအပြီးတွင် ဆုများကို ချီးမြှင့်ရာ ထိုက်ကျိချွမ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ မြန်မာမှ မြတ်သက်စုဝေဖြိုး၊ ငွေတံဆိပ်ဆုရ စန္ဒီဦးနှင့် ကြေးတံဆိပ်ဆုရ ဗီယက်နမ် အားကစားသမားတို့အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဌ ဦးသစ္စာတို့မှ ဆုများကို ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ Titiwangsa အားကစားရုံ ၌ကျင်းပပြုလုပ်သော အမျိုးသားပိုက်ကျော်ခြင်း (၂)ယောက်တွဲအသင်းလိုက်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းနှင့် အိမ်ရှင် မလေးရှားအသင်း တို့ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ (၂)ပွဲ၊ (၁)ပွဲ ဖြင့် အနိုင် ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပါသည်။ ညနေ ဒေသစံတော်ချိန် (၄)နာရီ၌ ဗိုလ်လုပွဲစဉ်ကို ကျင်းပပြုလုပ်ရာ မြန်မာအသင်းနှင့်ထိုင်းအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ထိုင်းအသင်းမှ (၂)ပွဲပြတ် ဖြင့်အနိုင်ရရှိကာ မြန်မာပိုက်ကျော်ခြင်းအသင်းမှ ငွေတံဆိပ် ဆုသာ ရရှိခဲ့ပါသည်။
ဆက်လက်၍ KICC Convention Center Hall (1) ၌ ကျင်းပပြုလုပ်သော ကရာတေးဒိုအားကစားနည်းမှ ခတပြိုင်ပွဲ တတိယလုပွဲစဉ်တွင် မြန်မာမှ မင်းဟိန်းခန့်က လာအိုကို အနိုင်ရရှိကာ ကြေးတံဆိပ်ကိုလည်းကောင်း၊ ကုမိတဲ့ပြိုင်ပွဲ တတိယလုပွဲစဉ်တွင် မြန်မာမှ မြင့်မောင်မောင်က(၆ဝ)ကီလိုတန်းတွင် ဘရူနိုင်းကို အနိုင်ရရှိကာ ကြေးတံဆိပ်ဆု ကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ပါသည်။
ဆက်လက်၍ KICC Conventoin Center Hall (4) ၌ကျင်းပပြုလုပ်သော ဘိလိယက် နှစ်ယောက်ပြိုင်ပွဲတွင် မြန်မာမှ အောင်ဌေးနှင့်မင်းစည်သူထွန်း အတွဲမှ ဗီယက်နမ် အသင်းကိုအနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားပါသည်။ အဆိုပါ ပြိုင်ပွဲအားလုံးကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ် အသီးသီးမှ ဥက္ကဌများ လိုက်လံကြည့်ရှုအားပေးပါသည်။
ဆက်လက်၍ National Shooting Range Center Subang ကွင်း၌ ကျင်းပပြု လုပ်သော သေနတ်ပစ် အားကစားနည်းမှ စိတ်ကြိုက်မီတာ(၅ဝ)ပစ်ခတ်စဉ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရဲထွန်းနောင်နှင့် ကျော်စွာဝင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ရာ ကျော်စွာဝင်းမှ ရမှတ်(၂ဝ၅.၂)မှတ်ဖြင့် တတိယကြေးတံဆိပ်ကို ဆွတ်ခူးရရှိပြီး ရဲထွန်းနောင်မှ အဆင့်(၅)သာ ရရှိခဲ့ပါသည်။
ဆက်လက်၍ National Aquatic Center ၌ ကျင်းပပြုလုပ်သော ရေကူးပြိုင်ပွဲတွင် မြန်မာမှ အမျိုးသားမီတာ(၂ဝဝ) စိတ်ကြိုက်ကူး ပြိုင်ပွဲတွင် အန်ခေါင်ထက်နှင့် အမျိုးသား မီတာ(၇ဝဝ) လိပ်ပြာကူးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ နှစ်လုံးစလုံး လူရွေးပွဲအဆင့် ကျော်လွန်နိုင်ခြင်း မရှိကြောင်း သိရှိရပါသည်။
ဆက်လက်၍ National Hockey Stadium ၌ ကျင်းပပြုလုပ်သော ဟော်ကီပြိုင်ပွဲ တွင် မြန်မာအသင်းမှ ထိုင်းအသင်းကို (၄)ဂိုး၊ (၂)ဂိုးဖြင့် အနိုင်ရရှိသွားပါသည်။
ဆက်လက်၍ ဒေသစံတော်ချိန် (၄)နာရီတွင် UM Arena Stadium ဘောလုံးကွင်း၌ အမျိုးသမီးဘောလုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်း တို့ ယှဉ်ပြိုင်ကစား ကြရာ မြန်မာအသင်းမှ (၆)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားပါသည်။
ဆက်လက်၍မနက်ဖြန် မြန်မာအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပွဲစဉ်များ အဖြစ် ရေကူး၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကတ်ဘော(အမျိုးသမီး)ပြိုင်ပွဲ၊ ဘိုးလင်း၊ ခရစ်ကတ်(အမျိုးသမီး)ပွဲစဉ်၊ Fencing (ဓါးခုတ်)၊ ဂေါက်သီး (အမျိုးသား)ပြိုင်ပွဲ၊ ကျွမ်းဘားပြိုင်ပွဲ၊ ဟော်ကီ(အမျိုးသား)ပြိုင်ပွဲ၊ ကရာတေးဒိုပြိုင်ပွဲ၊ ရွက်လှေပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း(၄)ယောက်တွဲပြိုင်ပွဲ၊ သေနတ်ပစ် ရိုင်ဖယ်(အမျိုသမီး၊ အမျိုးသား)ပြိုင်ပွဲ၊ Squash ပြိုင်ပွဲ၊ တင်းနစ်ပြိုင်ပွဲ၊ ဘိလိယက်(၂)ယောက်တွဲ ဗိုလ်လုပွဲစဉ်များကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရှိရရှိပါသည်။
ယနေ့အထိ မြန်မာအားကစားအဖွဲ့ ရရှိသော ဆုတံဆိပ်များမှာ ရွှေ(၄)ခု၊ ငွေ(၃)၊ ကြေး(၄)ခု ရရှိထားကြောင်း သိရှိရပါသည်။