spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် မြန်မာ့အားကစားလှုပ်ရှားမှု ပြခန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အမျိုးသမီးနှင့်ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်အမှာစကားပြော

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် မြန်မာ့အားကစားလှုပ်ရှားမှု ပြခန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အမျိုးသမီးနှင့်ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်အမှာစကားပြော

နေပြည်တော်၊ ဖေဖေါ်ဝါရီလ(၅)။                  

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ (Social Zone)ရှိ မြန်မာ့အားကစားလှုပ်ရှားမှုပြခန်းများကို ယနေ့နံနက်(၉:၃ဝ)နာရီအချိန်သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှေးယခင် ခေတ်အဆက်ဆက် မြန်မာ့အားကစားသမိုင်းတစ်လျှောက် မြန်မာနိုင်ငံဂုဏ်ဆောင် အားကစားသမားများ၏ ရရှိခဲ့သော ဆုတံဆိပ်များ ပြိုင်ပွဲဝင်များ၏ မှတ်တမ်းဓါတ်ပုံများပြခန်းကို  ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊  မြန်မာနိုင်ငံအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာ လက်ခံကျင်းပပြီးစီးသည့် မှတ်တမ်းဓါတ်ပုံများ ပြခန်းကိုလည်းကောင်း၊ မြန်မာ့အားကစားသမိုင်းတစ်လျှောက် ရွှေတံဆိပ်ဆုများစွာ ဆွတ်ခူးရယူပြီး အားကစားဖြင့် မြန်မာနိုင်ငံဂုဏ်ကိုဆောင်ခဲ့ကြသော မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ကိုယ်တစ်ပိုင်းပုံရုပ်တုဖြင့် ပြုလုပ်ဂုဏ်ပြုပြသထားသော ပြခန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်နှင့် တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ပြီး ဒုတိယဝန်ကြီးမှ ပြခန်းများရှိ လိုအပ်ချက်များ ထပ်မံဆောင်ရွက်ထားရှိရန်၊ နိုင်ငံတကာပြိုင်ပွဲ အထိမ်းအမှတ်ပစ္စည်းများပြခန်း၊ အိမ်ရှင် SEA Games လက်ခံကျင်းပစဉ်  ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည့် အခြားဝန်ကြီးဌာနအသီးသီးမှ ကော်မတီဝင်များ၏ မှတ်တမ်းဓါတ်ပုံများကိုပါ ဖြည့်စွက်ထားရှိရေးများကို မှာကြားခဲ့ပါသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ၄င်း Social Zone ၌ ကျင်းပသည့် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အမျိုးသမီးများစောင့်ရှောက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြားရာတွင် ယခုအဖွဲ့ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ အားကစားနှင့်ကာယပညာဦးစီးဌာန အောက်ရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များ အဓိက စောင့်ရှောက်ပေးရန်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အမျိုးသမီးနှင့် ကလေးသူငယ်များ စောင့်ရှောက်ရေးလုပ်ငန်းများတွင် အခြားမိတ်ဖက်ဌာနများ ပူးပေါင်း၍ အားကစားလုပ်ငန်းဖြင့် ပါဝင်ကူညီစောင့်ရှောက်ရေး တို့ပင်ဖြစ်ပါကြောင်း၊ ယခုတက်ရောက်လာကြသော တိုင်းဒေသ ကြီးနှင့်ပြည်နယ်အသီးသီးမှ အဖွဲ့ဝင်များသည် မိမိတို့ ဒေသအသီးသီးရှိ အမျိုးသမီးဝန်ထမ်းများနှင့် မိသားစု၊ ကလေးသူငယ်များ၏ အခက်အခဲများကို ရှာဖွေစုဆောင်း၍ မိမိတို့ အဖွဲ့ချုပ်ထံတင်ပြ၍ အကောင်းဆုံးကူညီဖြေရှင်းနိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အမျိုးသမီးဝန်ထမ်းများ၏ ကျန်းမာရေးစောင့်ရှောက်မှု ငွေကြေးအခက်အခဲများဖြစ်ပေါ်မှု၊ ကလေးသူငယ်များ ပညာသင်ကြားရေးဆိုင်ရာ လိုအပ်ချက်များ၊ ဝန်ထမ်းအမျိုးသမီးငယ်များ ကိုယ်ဝန်ဆောင်မီးဖွားမှုဖြစ်ပေါ်နေချိန် လိုအပ်သော စောင့်ရှောက်မှု အပြည့်အဝရရှိရေး ကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဦးနှောက်ဖွံ့ဖြိုးမှု ကလေး သူငယ်များစောင့်ရှောက်ရေးကို အားကစားပြုလုပ်ခြင်းဖြင့် ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ရေး၊ ဒေသအသီးသီးရှိ (မသန်မစွမ်း)အမျိုးသမီးနှင့် ကလေးသူငယ်များအား သွားရောက်တွေ့ဆုံပြီး အားကစားပြုလုပ်ပေးစေခြင်း၊ ကျန်းမာရေး၊ လူမှုရေး အထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်ပေးစေခြင်း၊ ဒေသအသီးသီးရှိ အမျိုးသမီးရေးရာအဖွဲ့များ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုများကို ပါဝင်ပူးပေါင်းဆောင်ရွက်ပြီး အားကစားလုပ်ငန်းဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ဒေသအသီးသီးရှိ ရင်ခွင်မဲ့ကလေးများ စောင့်ရှောက်ပေးနိုင်ရေးရှာဖွေ၍ အထက်အဆင့်ဆင့်သို့ တင်ပြနိုင်ရေး၊ ပညာရေးတွင်ထူးချွန်ပြီး ချို့တဲ့ကလေးငယ်များ စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေး ထောက်ပံ့မှုရရှိရေး ကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ မူးယစ်ဆေးဝါး(လူငယ်ဖွံ့ဖြိုးရေးစခန်း) သို့သွားရောက်၍ အားကစားဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များ စစ်ဘေးရှောင်စခန်းများသွားရောက်၍ အမျိုးသမီးနှင့်ကလေးငယ်များ ကျန်းမာရေးစောင့်ရှောက်မှုကို အားကစားဖြင့် ဆောင်ရွက် ပေးနိုင်ရေး၊ ဝန်ထမ်းအမျိုးသမီးဘဝများ လုံခြုံမှု ၊ အကြမ်းဖက်မှု ကာကွယ်နိုင်ရန် အားကစားသင်တန်းများဖွင့်လှစ်ပေးခြင်း စသည်တို့ကို ကူညီဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လူမျိုး၊ ဘာသာ အဆင့်အတန်းမရွေး တန်းတူညီတူ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြား အမျိုးသမီးနှင့် ကလေးသူငယ် များ ကူညီစောင့်ရှောက်မှု လုပ်ငန်းလိုအပ်ချက်များရှိပါက အကြံပြုပေးစေလိုကြောင်း နိုင်ငံတကာ၌ ပြုလုပ်ဆောင်ရွက်လျက်ရှိသည့် (အမျိုးသမီး/ကလေးသူငယ်စောင့်ရှောက်မှုလုပ်ငန်း)များကိုလေ့လာ၍ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပါသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အမျိုးသမီးနှင့်ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်မာမာသိန်းမှ ရှေ့ဆက်လုပ်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသော တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှအဖွဲ့ဝင်များ မိမိဒေသရှိ လုပ်ငန်းဆောင်ရွက်ချက်များ တွေ့ကြုံရသော အခက်အခဲများကို အသီးသီးတင်ပြကြရာ ဒုတိယဝန်ကြီးမှ ပြန်လည်ဆွေးနွေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%92%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%90%E1%80%AC%E1%80%99%E1%80%BC%E1%80%9C%E1%80%B1%E1%80%B8%E1%80%85%E1%80%AD%E1%80%94%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9C%E1%80%BE%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%99%E1%80%BE%E1%80%AF