မြ၀တီ ဖေဖော်ဝါရီ ၁၇။
မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန်၊ နှစ်နိုင်ငံ ပြည်သူများအချင်းချင်း ပို၍ ပေါင်းသင်းဆက်ဆံမှုများရှိလာပြီး ရိုင်းပင်းကူညီလိုစိတ်များ ရှိလာစေရန်၊ အခက်အခဲများကို အတူတကွ ပေါင်းစပ်ၫှိနှိုင်းဆောင်ရွက် တတ်စေရန်နှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပိုမိုတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် အကြိမ်(၂၀)မြောက် မြန်မာ-ထိုင်း ချစ်ကြည်ရေး စက်ဘီးစီးပွဲတော်ဖွင့်ပွဲကို မြ၀တီမြို့ အမှတ်(၁) ချစ်ကြည်ရေး တံတားပေါ်၌ ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပခဲ့သည်။
စက်ဘီးစီးပွဲတော်ဖွင့်ပွဲတွင် မြ၀တီခရိုင်အုပ်ချုပ်ရေးမႉး ဦးတေဇာအောင်၊ ခရိုင်ရဲတပ်ဖွဲ့မႉး ဒုတိယရဲမႉးကြီး အောင်နိုင်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြ၀တီခရိုင် ကုန်သည်ကြီးများအသင်းဥက္ကဌ ဒေါ်သင်းသင်းမြတ်၊ ထိုင်းနိုင်ငံဘက်မှ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမႉးနှင့် တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဌတို့ ဦးဆောင်သော တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
"အခု နှစ် ၂၀ ပြည့် စက်ဘီးစီးပြိုင်ပွဲက ထိုင်း-မြန်မာချစ်ကြည်ရေးကို အရင်းခံပြီး စတင်ခဲ့တာ၊ အခုတော့ အစီးရေ ၂၀၀၀ လောက်ရှိပြီပေါ့။ ခရီးသွားလုပ်ငန်းကိုလည်း ပိုမိုတိုးမြင့်စေပြီး နှစ်နိုင်ငံက ကုန်သည်လုပ်ငန်းရှင်များအနေနဲ့လည်း ဒီထက် ပိုမိုပေါင်းစပ်လုပ်ကိုင်လာစေမှာပါ။ ကျောင်းသား/ကျောင်းသူအချင်းချင်းလည်း ချစ်ကြည်ရင်းနှီးစေမှာ ဖြစ်ပါတယ်"ဟု မြ၀တီခရိုင်ကုန်သည်ကြီးများ အသင်းဥက္ကဌ ဒေါ်သင်းသင်းမြတ်က ပြောသည်။
အဆိုပါ စက်ဘီးစီးပွဲတော်တွင် ထိုင်းနိုင်ငံမှ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၅၀၀ ခန့်နှင့် မြ၀တီမြို့မှ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၅၀၀ ခန့် ပါဝင်ပြီး မြ၀တီမြို့ အမှတ်(၁)ချစ်ကြည်ရေးတံတားမှ ရွှေမြင်းဝန်စေတီ၊ မိကျောင်းကုန်းကျောင်းတိုက်၊ အမှတ် (၂) ချစ်ကြည်ရေးတံတား၊ ဝှေ့ရှမ်းကျေးရွာအထိ စုပေါင်း စက်ဘီးစီးကြကာ စက်ဘီးစီးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
Crd to: Myanmaalinn