spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာ ယူ-၁၈ အသင်း ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာ ယူ-၁၈ အသင်း ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန် ၁၉ ဖေဖော်ဝါရီ

မြန်မာ ယူ-၁၈ အသင်းသည် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်ကကြီးမှူးကျင်းပမည့် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်သည် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများအတွက် ဖိတ်ခေါ်ပြိုင်ပွဲကျင်းပပေးလျက်ရှိပြီး ယခုကျင်းပမည့် ယူ-၁၉ ပြိုင်ပွဲကို မတ် ၂၃ ရက်မှ ၃၀ ရက်အထိ ကျင်းပရန် စီစဉ်ထားသည်။

ယင်းပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်၊ မြန်မာ၊ ထိုင်းအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တရုတ်တိုင်ပေအသင်းမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ရန် နီးစပ်လျက်ရှိသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်၏ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၈ အသင်းဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာ ယူ-၁၈ အသင်းသည် လက်ရှိတွင် MNL ယူ-၂၁ ပြိုင်ပွဲ၌ MFF Youth အသင်းအမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး နည်းပြချုပ်အဖြစ်  ဦးစိုးမြတ်မင်းက ကိုင်တွယ်လျက်ရှိသည်။

ဦးစိုးမြတ်မင်းသည် မြန်မာ ယူ-၂၂ အသင်းတွင်လည်း လက်ထောက်နည်းပြအဖြစ် ပူးတွဲတာဝန် ပေးအပ်ခံထားရသောကြောင့် လက်ရှိတွင် မြန်မာ ယူ-၂၂ အသင်းနှင့် ပူးပေါင်းနိုင်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လက်ထောက်နည်းပြတစ်ဦး ခန့်အပ်မည်ဖြစ်ပြီး ယင်းနည်းပြဖြင့် ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာ ယူ-၁၈ အသင်းသည် ပဏာမကစားသမား ၂၇ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ကစားသမားများ၏ခြေစွမ်းအပေါ်မူတည်၍ အပြောင်းအလဲပြုလုပ်မည်ဖြစ်သည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-%E1%80%9A%E1%80%B0-%E1%81%81%E1%81%88-%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%97%E1%80%AE%E1%80%9A%E1%80%80%E1%80%BA%E1%80%94%E1%80%99%E1%80%BA%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%9D%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%8A%E1%80%BA