spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြန်မာ့အားကစား ပိုမိုတိုးတက်စေရန် အထောက်အကူပြုစေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကားပြောကြား

အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြန်မာ့အားကစား ပိုမိုတိုးတက်စေရန် အထောက်အကူပြုစေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖေါ်ဝါရီလ(၂ဝ)ရက်။  

အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြန်မာ့အားကစား ပိုမိုတိုးတက်စေရန် အထောက်အကူပြုစေရေး  ညှိနှိုင်းအစည်းအဝေးအား ယနေ့မွန်းလွဲ (၁)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက် အမှာစကား ပြောကြားပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် လက်ရှိသင်ကြား လေ့ကျင့်လျက်ရှိသော အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများအားလုံးမှ နှစ်စဉ်တိုးတက်မှု ရလဒ်ကောင်းမွန်မှု၊ ထိရောက်မှု၊ ပြည်တွင်းနည်းပြများနှင့် နိုင်ငံခြားနည်းပြများ၏ အရည်အသွေး၊ သင်ကြားပြသမှုအရည်အသွေးများ အဆင့်မီမှု၊ လေ့ကျင့်ရေးကျောင်းသားများ နေထိုင်စားသောက်ရေးကောင်းမွန်ပြည့်စုံမှု၊ အားကစားသမားတစ်ဦးချင်းစီအလိုက် လစဉ်တိုးတက်မှု စသည်ဖြင့် အခြေအနေအရပ်ရပ်ကို အဘက်ဘက်မှ ပြန်လည်ဆန်းစစ် သုံးသပ် လျက်ရှိပြီး ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

မြန်မာ့အားကစားပိုမိုဖွံ့ဖြိုးတိုးတက်ရေး ၂ဝ၁၈တွင် ကျင်းပပြုလုပ်ခဲ့သည့်National Sport Seminar  မှ ထွက်ပေါ်လာသောရလဒ်များအတိုင်း အမြန်ဆုံးဆောင်ရွက်ရန် အထူး အရေးကြီးကြောင်း၊ အား/ကာသိပ္ပံကျောင်းများနှင့် ပတ်သက်လုပ်ဆောင်ရမည့် အချက်အလက်များကို ဦးစားပေးများသတ်မှတ်၍ အမြန်ဆုံးတာဝန်များကို ခွဲဝေဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

လုပ်ငန်းများဆောင်ရွက်ရာတွင် ယခင်လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်နေပါက တိုးတက်မှုနှေးကွေးမည်ဖြစ်ပြီး ဆန်းသစ်သောအတွေးအခေါ်များနှင့် တီထွင်လုပ်ကိုင်နိုင်သည်နှင့်အမျှ ပိုမိုတိုးတက်လာမှာသေချာပါကြောင်း၊

သိပ္ပံကျောင်းများ၌ အားကစားနည်းမျိုးစုံကို သင်ကြားလေ့ကျင့်ပေးရာတွင် ပြန့်ကျဲမနေစေဘဲ ကျောင်းအလိုက် ပိုမိုထိရောက်ပိုင်နိုင်ကျွမ်းကျင်စွာ သင်ကြားလေ့ကျင့်ပေးနိုင်မည့် အားကစားနည်းများ ရွေးချယ်သတ်မှတ်၍ ထိရောက်စွာ သင်ကြားနိုင်ခြင်းမရှိသည့် အားကစားနည်းကို အခြားကျောင်းတစ်ခုတွင် သတ်မှတ်သင်ကြား ပေးရမည်ဖြစ်ပါကြောင်း၊

ထိုသို့ သင်ကြားလေ့ကျင့်ပေးနိုင်ရန်အတွက် အားကစားနည်းအလိုက် နည်းပြများကိုလည်း ကျောင်းအလိုက် တာဝန်ချထားပေးမည်ဖြစ်ပါကြောင်း၊ သိပ္ပံကျောင်းအုပ်ကြီးများ အနေနှင့် လစဉ် တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပုံမှန်တွေ့ဆုံဆွေးနွေးကာ ပိုမို ကောင်းမွန်တိုးတက်စေရန် လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊

သိပ္ပံကျောင်း အားကစားသမားများကို အမြဲတမ်းတိုးတက်မှု ရှိ/မရှိ စောင့်ကြည့်ရန် တစ်ဦးချင်း လေ့ကျင့်တိုးတက်မှု လအလိုက် မှတ်တမ်းများ ပြုစုပြီး ဆန်းစစ်ခြင်းကိုလည်း ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ ထူးချွန်သော ကျောင်းသားများအား နေပြည်တော်သို့ ခေါ်ယူ၍ အထူးလေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ လိုအပ်ပါက နိုင်ငံခြားသို့ စေလွှတ် သင်ကြားခြင်းနှင့် အားကစားကိုသီးသန့်လေ့ကျင့်သင်ကြားပေးရန် စီစဉ်ညှိနှိုင်းပြီး ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

အားကစားသမားများသည် အာဟာရပြည့်ဝကျန်းမာသန်စွမ်းမှသာ အောင်မြင်မှုရရှိနိုင်မည် ဖြစ်သဖြင့် သွေးအားနည်းမှု ရှိ/မရှိ၊ အာဟာရပြည့်ဝမှုရှိ/မရှိ ဆန်းစစ်ခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိပါကြောင်း၊ အားကစားသမားများအား ဆေးလိပ်၊ ကွမ်းယာနှင့် အရက် သုံးစွဲမှုလုံးဝခွင့်မပြုဘဲ တင်းတင်းကြပ်ကြပ် တားမြစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊

သိပ္ပံကျောင်းများတွင် သင်ကြားလေ့ကျင့်ရာ၌ သာမန်ကျောင်းများတွင် သင်ကြားသကဲ့သို့  စာပေပညာရပ်များကိုပါ သင်ကြားနေရသဖြင့် အားကစားသမားများအနေဖြင့် ပိုမိုခက်ခဲပင်ပန်းကာ စာပေပညာတွင်ရော အားကစားတွင်ပါ အောင်မြင်မှုရရှိရန် ခက်ခဲလျက်ရှိပါကြောင်း၊ ထို့အတွက် သိပ္ပံကျောင်းများတွင် သာမန်ကျောင်းများကဲ့သို့ မဟုတ်ဘဲ အားကစားလေ့ကျင့်ခြင်းနှင့် အားကစားနှင့် သက်ဆိုင်သည့် နည်းစနစ်၊ နည်းပြပညာ၊ ကျင့်ဝတ်နှင့် အားကစားစာပေများကိုသာ သင်ကြားလေ့ကျင့်မှသာ အားကစားအောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဦးစီးဌာနနှင့် အားကစားသိပ္ပံကျောင်းများအနေဖြင့် သင်ရိုးညွှန်းတမ်းများကို စနစ်တကျ အသေးစိတ်ရေးဆွဲ၍ ပြုစုသင်ကြားရမည်ဖြစ်ပြီး အားကစား နည်းသင်ရိုး ပြီးမြောက်မှု သင်တန်းဆင်းလက်မှတ်ပေးရန်နှင့် ပညာရေးကောင်စီ၏ အသိအမှတ်ပြုမှု ရရှိရေးတို့ကိုပါ အဆင့်ဆင့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

အားကစားသိပ္ပံကျောင်းများမှ ပြီးမြောက်အောင်မြင်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ဘဝအာမခံချက်ရရှိရေးတို့ကိုလည်း ဝန်ကြီးဌာနမှ အစီအစဉ်ချမှတ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

အားကစားသိပ္ပံကျောင်းများတွင် တက်ရောက်ခွင့်ပြုရန် ရွေးချယ်စစ်ဆေးရာတွင်လည်း အားကစားသမားများ၏  နှလုံး၊ အဆုတ်၊ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှုကိုသာမက စိတ်ပိုင်း ဆိုင်ရာ ခံယူချက်နှင့် စွမ်းရည်ကောင်းမွန်မှုကိုပါ စစ်ဆေးရွေးချယ်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် အားကစားနည်း အမျိုးအစားအလိုက် အားကစားသမားများ ရွေးချယ်ရာတွင် အသုံးပြုသည့် ကိုက်ညီရမည့်အချက်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အားကစားသမားများနှင့် နည်းပြများ နေထိုင်မှုအဆင်ပြေစေရေး၊ အားကစားသမားများ အာဟာရပြည့်ဝစေရေးတို့ကို အလေးပေးဆောင်ရွက်ကြရမည့်အပြင် အားကစားသမားများ အနားယူချိန်တွင် အပန်းဖြေနိုင်စေရန်အတွက်ကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ သိပ္ပံကျောင်းများတွင် လေ့လာဆန်းစစ်ခဲ့မှုများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်း(၆)ကျောင်းတွင် ကျောင်းအလိုက် သင်ကြားလေ့ကျင့်ပေးမည့် အားကစားနည်းစနစ်များ၊ အဆိုပြုပြောင်းလဲမည့် သိပ္ပံကျောင်းနှင့် အားကစား အထက်တန်း (သို့မဟုတ်) အားကစားအကယ်ဒမီကျောင်းများ၏ ဖွဲ့စည်းပုံအဆိုပြုမူကြမ်းများ၊ ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင် သင်တန်းသားများအား ရွေးချယ်ရေး၊ ကျောင်းများအလိုက် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ ထူးချွန်အားကစား သင်တန်းဆင်းလက်မှတ် ရပြီးသူများကိုသာ B.Sc Sport တက်ရောက်ခွင့်ပြုပြီး သက်ဆိုင်ရာ အားကစားနည်းအလိုက် နည်းပြ/နည်းစနစ်မှူးအဖြစ် ခန့်ထားနိုင်ရေး ကိစ္စရပ်များ စသည်တို့ကို အကြံပြုတင်ပြ ခဲ့ပါသည်။

ဆက်လက်၍ သက်ဆိုင်ရာ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(၆)ကျောင်းမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းအလိုက် လုပ်ဆောင်ထားရှိမှုများကို တင်ပြပြောကြားခဲ့ပါသည်။ ထို့နောက် အမြဲတမ်းအတွင်းဝန်များဖြစ်ကြသော ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ဒေါက်တာ သာထွန်းကျော်တို့မှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အစည်းအဝေးမှ ထွက်ပေါ်လာသောဆုံးဖြတ်ချက်များအရ ဦးစီးဌာနမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်၊ အမြဲတမ်းအတွင်းဝန်များ ဖြစ်ကြသော ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာ သာထွန်းကျော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရှိရပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%AD%E1%80%95%E1%80%B9%E1%80%95%E1%80%B6%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%96%E1%80%BD%E1%80%B6%E1%80%B7%E1%80%96%E1%80%BC%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%80%E1%80%BA%E1%80%85%E1%80%B1%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8