spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ် (၁)ခု ၊ကြေးတံဆိပ် (၃)ခု ထပ်မံဆွတ်ခူးရရှိ

(၂၉) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ် (၁)ခု ၊ကြေးတံဆိပ် (၃)ခု ထပ်မံဆွတ်ခူးရရှိ

ကွာလာလမ်ပူ၊ သြဂုတ်လ (၂၃)ရက်။   

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် ၂ဝ၁၇ခုနှစ် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို ကွာလာလမ်ပူမြို့ရှိ အားကစားကွင်း/ရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ National Aquatic Center ၌ကျင်းပပြုလုပ်သော ရေကူး အားကစားနည်း အမျိုးသားမီတာ (၁ဝဝ)အလွတ်ကူး ပြိုင်ပွဲတွင် မြန်မာမှ သီဟအောင်နှင့် အမျိုးသမီးမီတာ(၅ဝ) လိပ်ပြာကူးပြိုင်ပွဲတွင် နန်းဟန်နီဦး တို့ဝင်ရောက်ယှဉ်ပြိုင်ကြရာ လူရွေးပွဲအဆင့်၌သာ ရှုံးနိမ့်ခဲ့ပါသည်။

ဆက်လက်၍ Arena Petanque Kl အားကစားရုံ၌ ကျင်းပပြုလုပ်သော ပီတန်းအားကစား နည်းမှ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ကမ္ဗောဒီယားအသင်းကိုလည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲတွင် လာအိုအသင်းကို လည်းကောင်း အသီးသီး ရှုံးနိမ့်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် မှ လိုက်လံကြည့်ရှုပြီး အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကား များ ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွအတွင်းရေးမှူး အာကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် The Miner Resort Golf Club ၌ ကျင်းပပြုလုပ်သော ဂေါက်သီးအမျိုးသားအသင်းလိုက်ပြိုင်ပွဲမှ (၂)ရက်ပေါင်းရိုက်ချက် (၅၉၆)မှတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲမှ (၂)ရက်ပေါင်းရိုက်ချက် (၄၆၅)မှတ် ဖြင့်လည်းကောင်း အသီးသီးရရှိသွားပြီး ၄င်းပြိုင်ပွဲယှဉ်ပြိုင်နေမှုအား ကြည့်ရှု အားပေးခဲ့ပါသည်။

ဆက်လက်၍ National Hockey Stadium ၌ ကျင်းပပြုလုပ်သော ဟော်ကီပြိုင်ပွဲတွင် မြန်မာအသင်းနှင့် စင်္ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားရာ တစ်ဖက်(၂)ဂိုးစီဖြင့် သရေဖြစ် သွားခဲ့ပါသည်။

ဆက်လက်၍ KlCC Covention Center Hall(4) ၌ ကျင်းပြုလုပ်သော ဘိလိယက် တစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာမှ နေသွေးဦးက အင်ဒိုနီးရှားအသင်းအား (၃)ပွဲ၊ (၁)ပွဲ ဖြင့် အနိုင်ရရှိ သွားပါသည်။

ဆက်လက်၍ Bukit Jalil အားကစားကွင်း၌ ကျင်းပပြုလုပ်သော မီတာ(၁ဝဝဝဝ) လမ်းလျှောက်ပြိုင်ပွဲတွင် မြန်မာမှ သန်းသန်းစိုး ဝင်ရောက်ယှဉ်ပြိုင်ရာ အဆင့်(၅) သာရရှိခဲ့ပါသည်။

ဆက်လက်၍ Maba Stadium အားကစားရုံ၌ ကျင်းပပြုလုပ်သော အမျိုးသမီး ဘတ်စကတ်ဘော ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် စင်္ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၅၁)မှတ်၊ (၁ဝ၃)မှတ် ဖြင့်ရှုံးနိမ့်ခဲ့ပါသည်။

ဆက်လက်၍ Convention Center Hall(1) ၌ ကျင်းပပြုလုပ်သော ကရာတေးဒို(ကုမိတဲ့) ပြိုင်ပွဲ တတိယလုပွဲစဉ်တွင် မြန်မာမှ မေသူချိုမှ အရှေ့တီမော အားကစားသမားကို အနိုင်ရရှိကာ ကြေးတံဆိပ် ရရှိခဲ့ပါသည်။

ဆက်လက်၍ Titiwangsa အားကစားရုံ ၌ကျင်းပပြုလုပ်သော အမျိုးသားပိုက်ကျော်ခြင်း (၄)ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ ဘရူနိုင်းအသင်း တို့ယှဉ်ပြိုင်ကစားကြရာ မြန်မာအမျိုးသားအသင်းမှ (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိပြီး အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ တွင်  မြန်မာအသင်းမှ အင်ဒိုနီးရှား အသင်းကို (၂)ပွဲ၊ (၁)ပွဲ ဖြင့် ရှုံးနိမ့်ခဲ့ပါသည်။

ဆက်လက်၍ KICC Conventoin Center Hall (4) ၌ ကျင်းပပြုလုပ်သော ဘိလိယက် နှစ်ယောက်တွဲ ဗိုလ်လုပွဲစဉ်တွင် မြန်မာမှ အောင်ဌေးနှင့် မင်းစည်သူထွန်းအတွဲသည် ထိုင်းနိုင်ငံအသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၃)ပွဲ (၂)ပွဲဖြင့်ရှုံးနိမ့်ကာ ဒုတိယငွေတံဆိပ်ဆုကို ရရှိခဲ့ပါသည်။

မနက်ဖြန် သြဂုတ်(၂၄)ရက်နေ့ ပွဲစဉ်များအဖြစ် ရေကူး၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကတ်ဘော၊ ဘိလိယက်နှင့် စနူကာ၊ လက်ဝှေ့၊စက်ဘီး၊ ဂေါက်သီး၊ ပီတန်း၊ ဟော်ကီ၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ရွက်လှေ စသည့် အားကစားနည်းများ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပါသည်။

ယနေ့အထိ ဆုတံဆိပ်ရရှိမှုမှာ ရွှေ(၄)ခု၊ ငွေ(၅)ခု၊ ကြေး(၈)ခု ရရှိထားကြောင်း သတင်း ရရှိပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/node/15