မန္တလေး၊ ဖေဖော်ဝါရီ ၂၄
စက်ဘီးစီးအားကစားနည်းကို ပြည်သူလူထုတစ်ရပ်လုံးစိတ်ပါဝင်စားလာစေရန်၊ စက်ဘီးစီးခြင်းဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရန် မျိုးဆက်သစ်စက်ဘီးစီးအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် မန္တလေးတိုင်းအားကစားနှင့်ကာယပညာဦးစီးဌာနတို့ကကြီးမှူးကာ လစဉ်နောက်ဆုံးပတ် တနင်္ဂနွေနေ့တွင် ကျင်းပလျက်ရှိသော ၃၃ ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးနည်းပွဲကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၅ နာရီခွဲက မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆လမ်းရှိ မြို့တော်စည်ပင်ရုံးရှေ့ စုရပ်နေရာ၌ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မြင့်အောင်မိုး၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်းထွန်းနှင့် တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်တို့ ဦးဆောင်သော အဖွဲ့သည်မန္တလေးမြို့မှ စက်ဘီးစီးကလပ်အသင်းများမှ စက်ဘီးအားကစားသမားများ၊ စက်ဘီးအားကစားဝါသနာရှင်ပြည်သူများနှင့်အတူ စုပေါင်းစက်ဘီးစီးနင်းပါဝင်ကြပြီး သတ်မှတ်စုရပ်နေရာတွင် ရောက်ရှိနေရာယူကြသည်။
ရှေးဦးစွာ စုပေါင်းစက်ဘီးစီးနင်းပွဲသို့ပါဝင်ဆင်နွှဲကြသော စက်ဘီးသမားများက ဖေဖော်ဝါရီ ၂၃ ရက်တွင် ကွယ်လွန်သွားသော စက်ဘီး(နည်းပြ/အုပ်ချုပ်သူ) နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း-အားကစားမှူး မန္တလေး-အား/ကာသိပ္ပံမှ ဦးအောင်မျိုးနိုင်၊ စက်ဘီးလက်ရွေးစင်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အနက်ရောင်လက်မောင်းပတ်များ တပ်ဆင်ကာ တစ်မိနစ်ငြိမ်သက်၍ ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။
ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ မန္တလေးကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က စင်မြင့်ထက်မှ အချက်ပြသေနတ်ပစ်ဖောက်၍ တာလွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မြင့်အောင်မိုး ဦးဆောင်သော စက်ဘီးစီးအားကစားသမား ဝါနာရှင်သက်ကြီး၊ သက်လတ်၊ လူငယ် ပြည်သူ ၂၀ဝ ကျော်ခန့်သည် စုရပ်နေရာမှ ကျုံးတောင်ဘက်၂၆ လမ်းအတိုင်းမှ ကျုံးအနောက်ဘက် လမ်း ၈၀ သို့ ထိုမှ ၁၂ လမ်း ကျုံးမြောက်ဘက်လမ်းအတိုင်းမှ ၆၆ လမ်း ကျုံးအရှေ့ဘက်လမ်းအတိုင်း၊ ထိုမှ တာထွက်နေရာအထိ ကျုံးတစ်ပတ်စုပေါင်းစက်ဘီးစီးနင်းကြပြီး ပျော်ရွှင်စွာဆင်နွှဲ ပန်းဝင်ရောက်ရှိလာကြကာ ကိုယ်လက်လှုပ်ရှားကြံ့ခိုင်မှုလေ့ကျင်းခန်းများပြုလုပ်ကြရာ စက်ဘီးအားကစားဝါသနာရှင်ပြည်သူများအား စေတနာရှင်များက အားဖြည့်အချိုရည် ဘူးများပေးဝေခဲ့ကြသည်။
အဆိုပါပြည်သူလူ ထုစုပေါင်းစက်ဘီးစီးနင်းပွဲကို လစဉ်လ၏ နောက်ဆုံးပတ် တနင်္ဂနွေနေ့တွင် ကျင်းပလျက်ရှိရာ မည်သူမဆို အသက်အကန့်အသတ်မရှိ မည်သည့်စက်ဘီးနှင့်မဆို ပါဝင်စီးနင်းဆင်နွှဲနိုင်ပါကြောင်း သိရသည်။