spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနား (ရန်ကုန်) ဖွင့်လှစ်

၂ဝ၁၉ ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနား (ရန်ကုန်) ဖွင့်လှစ်

ရန်ကုန်၊မတ်လ(၁)ရက်။              

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊  အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များမှာ နွေရာသီအခြေခံ အားကစားသင်တန်းများကို နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ်ပေးလျက်ရှိပြီး လူငယ်လူရွယ်များအနေဖြင့် နွေရာသီအားလပ်ရက်တွင် အားကစားလေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး  ဗလငါးတန်ဖြင့်ပြည့်စုံသောနိုင်ငံ့ သားကောင်း/သမီးကောင်းများဖြစ်လာစေရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်များဖြင့် ယနေ့နံနက်(၈)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားအားကစား ပြိုင်ပွဲရုံ၌ ၂ဝ၁၉ ခုနှစ်၊ နွေရာသီ အခြေခံအားကစား သင်တန်းများအား ဖွင့်လှစ်ပေးခဲ့ရာ အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် ခရိုင်၊ မြို့နယ်အရာရှိများ၊ အခြေခံပညာ ဦးစီးဌာနမှ ဆရာ/ဆရာမများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် ဥက္ကဌနှင့် အတွင်းရေးမှူးများ ၊ နွေရာသီသင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

  

ရှေးဦးစွာ  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် နွေရာသီအားလပ်ရက်များတွင် လူငယ်လူရွယ်များအနေဖြင့် အားကစားသင်တန်းများ တက်ရောက်ပြီး အားကစားကို စိတ်ပါဝင်စားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများမှသည် နိုင်ငံ့ဂုဏ်ဆောင်အဆင့်အထိ အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် အမျိုးသားအားကစားလှုပ်ရှားမှုကို တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားစည်းရုံးဆောင်ရွက်ရန် (Mass Sports) ကိုဦးစားပေးဆောင်ရွက်နေပါကြောင်း၊ နွေရာသီအားကစား သင်တန်းများကို တက်ရောက် သင်ကြားကြမယ့် လူငယ် ကျောင်းသား/ ကျောင်းသူများအနေဖြင့် အားကစားအဖွဲ့ချုပ်များက ကျွမ်းကျင်စွာလေ့ကျင့်သင်ကြားပေးမှာ ဖြစ်တဲ့အတွက် မိမိတို့သင်ကြားတဲ့ အားကစားနည်းများအလိုက် ထူးချွန်တဲ့ မျိုးဆက်သစ်များ ဖြစ်လာအောင် ကြိုးစားသင်ကြား ကြစေလိုပါကြောင်း၊  ယခုလို နွေရာသီ ကျောင်းပိတ်ရက် အားလပ်ရက်များမှာ အားကစား သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် အဖက်ဖက်မှ တာဝန်ယူပံ့ပိုးကူညီဆောင်ရွက် ပေးကြတဲ့အဖွဲ့ချုပ်ဥက္ကများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊T-shirt အင်္ကျီ အလှူရှင်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း ၂ဝ၁၉ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းကို ဖွင့်လှစ်ပေးလိုက်သည်။

  

ထို့နောက် နွေရာသီအားကစားသင်တန်းသား/သင်တန်းသူများက အားကစား သစ္စာ အဓိဌာန်(၄)ချက် ရွတ်ဆိုကြပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က နွေရာသီအားကစားသင်တန်းတွင် T-shirt အင်္ကျီများ ပံ့ပိုးပေးသော ASIA SUN GROUP  နှင့် Galaxy  Developers Co.,Ltd ၊ Gold  Power Co.,Ltd  ၊ Mega ဆေးကုမ္ပဏီလီမိတက် ၊ ဇေကမ္ဘာကုမ္ပဏီလီမိတက် ၊ Sky net  ရုပ်/သံ တို့အားဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ပြီး  ရန်ကုန်တိုင်းစစ်ဌာနချုပ်စစ်တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုဆုငွေကျပ်တစ်သိန်းကို ပေးအပ်ခဲ့သည်။

  

ဆက်လက်၍ နွေရာသီအားကစားသင်တန်းသား/သင်တန်းသူများ အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြပြီး  ခြင်းလုံး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ကရာတေး၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ကျွမ်းဘား၊ဂျူဒို၊ ဘောလုံး၊ လက်ဝှေ့၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ အေရိုးဗစ်၊ သိုင်း တို့မှ အားကစားပဒေသာနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) မှ သင်တန်းသား/သင်တန်းသူများက  Myanmar Fitness Dance ဖြင့်သရုပ်ပြသခဲ့ကြသည်။

ယခုနွေရာသီအခြေခံ အားကစားသင်တန်းကို အားကစားနည်း(၃၅)မျိုးဖြင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီး၏ သတ်မှတ်ထားသော အားကစားလေ့ကျင့်ရေးစခန်းများနှင့် ရန်ကုန်တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနမှ သတ်မှတ်ပေးထားသော လေ့ကျင့်ရေးစခန်းများတွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%94%E1%80%BD%E1%80%B1%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8-%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%9C%E1%80%BE%E1%80%85%E1%80%BA