ရန်ကုန်၊ မတ်လ( ၂ )ရက်။
၂၀၁၉ခုနှစ်၊ နွေရာသီအခြေခံနှင့်အဆင့်မြင့်ကျွမ်းဘား အားကစားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ ကျွမ်းဘားလေ့ကျင့်ရေးရုံ၌ကျင်းပရာ အားကစား၀န်ကြီးဌာန ၀န်ကြီး(ငြိမ်း) ဗိုလ်မှူးချုပ်စိန်၀င်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီးများ၊မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များရွေးချယ်တင်မြှောက်ရေးကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဒင်၊ ရုပ်ရှင်လုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး(ငြိမ်း) ဗိုလ်မှူးကြီးတင်ဖေ၊ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကောင်းဇော်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုး၀င်းသန်းနှင့်အမှုဆောင်များ၊ သင်တန်းနည်းပြဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများတက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကောင်းဇော်နှင့် အားကစား၀န်ကြီးဌာန ၀န်ကြီး(ငြိမ်း) ဗိုလ်မှူးချုပ်စိန်၀င်းတို့က ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး အားကစားသစ္စာအဓိဌာန်(၄)ချက်ကိုရွတ်ဆိုခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ ကျွမ်းဘားအားကစားသမားများက မြေပြင်၊ အမြင့်ခုန်ဘား၊ ချိန်ဆဘား၊ နှစ်တန်းဘား၊ သံကွင်းဘား၊ စုပေါင်းကျွမ်းနှင့် စုပေါင်းစွမ်းရည်အကတို့အား အားကစားသရုပ်ပြသခဲ့သည်။
အဆိုပါ နွေရာသီအခြေခံကျွမ်းဘားသင်တန်းကို သင်တန်းသား/သင်တန်းသူဦးရေ (၁၅၀)ဦးတက်ရောက်ကြရာ မတ်လ(၁)ရက်နေ့မှ ဧပြီလ(၁၀)ရက်နေ့အထိကို အခြေခံဖွင့်လှစ်သွားပြီး ဧပြီလ(၂၂)ရက်နေ့မှ မေလ(၃၀)ရက်နေ့အထိ အဆင့်မြင့်သင်တန်းများကို နံနက်(၁)ကြိမ်၊ ည(၁)ကြိမ် ပိတ်ရက်မရှိသင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။