spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်အတွင်း အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုအမြင့်မားဆုံးဆု၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုများတွင် ဆုရရှိသူများအား၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ဆုများချီးမြှင့်

၂ဝ၁၈ ခုနှစ်အတွင်း အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုအမြင့်မားဆုံးဆု၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုများတွင် ဆုရရှိသူများအား၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ဆုများချီးမြှင့်

နေပြည်တော်၊ မတ်လ(၁၃)ရက်။            

၂ဝ၁၈ ခုနှစ်အတွင်း ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ ဓါတ်ပုံပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် အတက်ကြွဆုံး လှုပ်ရှားပါဝင်ခဲ့သည့် ခရိုင်၊ မြို့နယ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁:၃ဝ)နာရီအချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား(B)ရုံ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကား ပြောကြားကာ ဆုများချီးမြှင့်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ဆုရရှိကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦးနှင့် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆုရရှိကြသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အမှုထမ်း၊ အရာထမ်းများ တက်ရောက်ကြပါသည်။

  

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ အမှာစကားပြောကြားရာတွင် အားကစားလှုပ်ရှားမှုဆိုင်ရာ  ဓါတ်ပုံ၊ ဝတ္ထုတို၊ ကဗျာ၊ ဆောင်းပါးနှင့် ဒီဇင်ဘာလူထုလှုပ်ရှားမှုဆိုင်ရာဆုများကို ချီးမြှင့်ရခြင်းသည် ဂုဏ်ယူဖွယ်ရာကောင်းမွန်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်မှုများသည် ပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းခြင်းကိုသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖွံ့ဖြိုးမှုများကိုပါ ရရှိပိုင်ဆိုင်နိုင်စေပြီး ပြည်သူများတစ်ဦးချင်းစီအတွက် သာမက နိုင်ငံအတွက်ပါ ရေရှည်တွင် လွန်စွာ အကျိုးရှိစေပါကြောင်း၊ ပြည်သူ့ကျန်းမာရေး အခြေခံသဘောတရားများအရ  လူတစ်ဦးသည် မိမိတို့၏ အနီးပတ်ဝန်းကျင်၊ မိမိတို့၏ မိတ်ဆွေများ ပြုမူဆောင်ရွက်မှုများကို လိုက်လံ ဆောင်ရွက်လေ့ရှိသဖြင့် လူထုအားကစားလှုပ်ရှားမှုများတွင် ပါဝင်သူ တစ်ဦးမှသည် ၄င်းတို့၏ ပတ်ဝန်းကျင်မှ မိတ်ဆွေများလည်း ပိုမိုပါဝင်လာကြမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲမှ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးများကို  ပြည်သူများဖတ်ရှုသိရှိရခြင်းဖြင့်လည်း ကိုယ်လက်လှုပ်ရှားအားကစား၏ အကျိုးကျေးဇူးများကို ပိုမိုသိရှိကာ အားကစားစိတ်ဓါတ်များ ပိုမိုပြည့်ဝလာပြီး အားကစားလေ့ကျင့်မှုများ ပိုမိုဆောင်ရွက် လာမည်ဖြစ်ပါကြောင်း၊ ထိုသို့ဖြင့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာကာ အားကစားအောင်မြင်မှုများရရှိနိုင်ရုံသာမက ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ရာမှ ပြည်သူများ ကိုယ်ရောစိတ်ပါ ပိုမိုကျန်းမာသန်စွမ်းလာခြင်းကြောင့် နာမကျန်းဖြစ်ပွားမှုများ လျော့နည်းလာကာ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်များ သက်သာလာခြင်း စသောအကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့်လည်း ''ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး'' ဆောင်ပုဒ်နှင့်အညီ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် ပြည်သူများ အားကစားလှုပ်ရှားမှုကို စိတ်ပါဝင်စားစွာဖြင့် ပါဝင်လှုပ်ရှားကြရေးအတွက် လူထုပညာပေးစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြည်သူများ အားကစားလေ့ကျင့်မှု အထောက်အကူ ပစ္စည်းကိရိယာများကို လက်လှမ်းမီစေရေးအတွက် ဖြည့်ဆည်းပေးခြင်းတို့ကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊

  

၂ဝ၁၇ ခုနှစ်၌ ပြုလုပ်ခဲ့သည့်  Healthy Myanmar Seminar  မှ ဆွေးနွေးရရှိသောရလဒ်များ အကြံပြု ချက်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ လူမှုရေးဝန်ကြီးများအနေနှင့် အဆိုပါ လုပ်ငန်းများကိုဦးဆောင်၍ ဆောင်ရွက် ပေးစေခြင်းဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြည်သူများသည် ကိုယ်လက်လှုပ်ရှား အားကစား၏ အကျိုးကျေးဇူးများကိုသိရှိပြီး ပိုမိုဆောင်ရွက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ပြင် အခြေခံပညာကျောင်းများတွင်  ကိုယ်လက်လှုပ်ရှားအားကစား၏ အကျိုးကျေးဇူးများဆိုင်ရာ ဟောပြောပွဲ များပြုလုပ်ခြင်းနှင့် အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းတို့ကိုလည်း ပိုမိုဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ကျောင်းသားများသည် နိုင်ငံ၏ အနာဂတ် လူငယ်များဖြစ်သောကြောင့် ငယ်ရွယ်စဉ် ကျောင်းသားဘဝကတည်းက  ကိုယ်လက်လှုပ်ရှားအားကစားဆောင်ရွက်ခြင်းဖြင့် ကျန်းမာသန်စွမ်းသော လူငယ်များဖြစ်လာပြီး တိုင်းပြည်အတွက် အားကိုးရမည့် နိုင်ငံသားကောင်း၊ အားကစားသမားကောင်းနှင့် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာမည် ဖြစ်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ရာတွင် ပိုမိုအကျိုးရှိစေရန်နှင့် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ပိုမိုရရှိစေရန်အတွက် အထူးအရေးကြီးသော အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများကိုလည်း မဟာဗျူဟာများနှင့် စီမံချက်များချမှတ်ကာ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသွားပါသည်။

ဆက်လက်၍ အားကစားကလောင်ရှင်အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးကျော်စိန်သန်းမှ စာပေကလောင်ရှင်များပေးပို့သော စာမူများအား ဆုရွေးချယ်မှုအစီအစဉ်များကို  အဆင့်ဆင့် ရှင်းလင်းပြောကြားပါသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်မှ ဓါတ်ပုံပြိုင်ပွဲတွင် အထူးဆုများရရှိကြသော အောင်မြင့်ထွေး၊ မင်းဇာနည်ဇော်၊ ဇော်ဇော်ဝေ(ဆင်ဖြူကျွန်း) တို့အားလည်းကောင်း၊

  

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ဓါတ်ပုံပြိုင်ပွဲတွင် အထူးဆုများရရှိကြသော ကျော်မျိုးထွန်း၊ ဌေးဝင်း(ရမ္မာဝတီ)နှင့် ယမင်းဝင်းလှိုင် တို့အားလည်းကောင်း၊

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးမှ ဓါတ်ပုံပြိုင်ပွဲတွင် နှစ်သိမ့်ဆုများရရှိသော ကိုဇော်မင်း(မန်းတောင်)၊ မင်းဇာနည်ဇော်နှင့် အောင်မျိုးထွန်း (ရွှေပြည်သစ်) တို့အားလည်းကောင်း၊

  

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးမှ ဓါတ်ပုံပြိုင်ပွဲတွင် တတိယဆုရရှိသော ကိုဇော်မင်း(မန်းတောင်)၊ ဒုတိယနှင့် ပထမဆု ပူးတွဲရရှိသော မဟယ်လင် တို့အားလည်းကောင်း၊

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ  ဝတ္ထုတို ပြိုင်ပွဲတွင် နှစ်သိမ့်ဆုများရရှိသော ဦးမြင့်မောင် (မောင်စူးရှ-အနောက်ရိုးမ)၊ ဦးမောင်မောင်လွင် (မောင်မောင်လွင်-ရွှေဘိုသား)၊ အောင်ကိုကိုဦး (ထက်ဝေအောင်-စစ်ကိုင်း)၊ တတိယ ဖြူဇင်မိုး (မြန်စာဂုဏ်)၊ ဒုတိယ ဒေါ်ခိုင်ဝါဝါကျော် (ခိုင်ဝါကျော်-ဘောဂဗေဒ)၊ ပထမ ဦးဆန်းဦး (မင်းလပြည့်-ဟားခါး) တို့အားလည်းကောင်း၊

  

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်မှ  ဆောင်းပါးပြိုင်ပွဲတွင် နှစ်သိမ့်ဆုများရရှိသော ဦးထိန်လင်း (လင်းအရုဏ်ဦး-ပဲခူး)၊ ဦးစိန်ဝင်း(ပန်းမြိုင်လယ်စိန်ဝင်း)၊ ဦးရဲညွန့်(ရဲရဲထွန်းတောက်-မွှေးလုံး)၊ တတိယ ဦးဘုန်းကြိုင်(မင်းလူ)၊ ဒုတိယ  ဦးဇင်မင်းဝင်း၊ ပထမ အောင်လင်းသူ(ကွန်ပျူတာ) တို့အားလည်းကောင်း၊

ကယားပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးမှ ကဗျာပြိုင်ပွဲတွင် နှစ်သိမ့်ဆုများရရှိသော ဦးခင်မောင်ဌေး(ချမ်းမြအေး-ညောင်တုန်း)၊ ဦးခင်မောင်ထွန်း (မင်းသွေးနွယ်-ဇီးကုန်း)၊ ဦးသိန်းဇော်(ကြည်သိန်းဇော်)တို့အားလည်းကောင်း၊

  

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းမှ ကဗျာပြိုင်ပွဲတွင် တတိယဆုရရှိသော ဦးကျော်ဆန်း(ဖိုးကျော်-ပခုက္ကူ)၊ ဒုတိယဆုရရှိသော ဦးဝင်းရွှေ(မောင်ယဉ်ဝင်း-ဒေါပုံ)နှင့် ပထမဆု ရရှိသော ဦးသန်းဝင်း(မင်းယဉ်စု) တို့အားလည်းကောင်း၊

  

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ မြန်မာနိုင်ငံအားကစား မီဒီယာများအဖွဲ့ချုပ်သို့ ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုများတွင် အတက်ကြွဆုံး ပါဝင်လှုပ်ရှားခဲ့သည့် မြို့နယ်များမှ နှစ်သိမ့်ဆုများရရှိကြသော ဝိုင်းမော်မြို့နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဖလမ်းမြို့နယ်၊ ညောင်ရွှေမြို့နယ် များအားလည်းကောင်း၊ တတိယ မတ္တရာမြို့နယ်၊ ဒုတိယ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပထမ ဖြူးမြို့နယ်များအားလည်းကောင်း၊

  

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှုများတွင် အတက်ကြွဆုံး ပါဝင်လှုပ်ရှားခဲ့သည့် ခရိုင်များမှ နှစ်သိမ့်ဆုရရှိသော မြောင်းမြခရိုင်၊ တတိယ ပြင်ဦးလွင်ခရိုင်၊ ဒုတိယ ဂန့်ဂေါခရိုင်၊ ပထမ မြိတ်ခရိုင် များအားလည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ နှစ်သိမ့်ဆုများရရှိကြသော မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့အားလည်းကောင်း၊

  

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုများတွင် အတက်ကြွဆုံး ပါဝင်လှုပ်ရှားခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသော ပဲခူးတိုင်းဒေသကြီး၊ ပထမဆုရရှိသော ကယားပြည်နယ်နှင့် ၂ဝ၁၈ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲတိုင်းတွင် အောင်မြင်မှုအမြင့်မားဆုံးဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအား ဆုဖလားနှင့် ငွေသားဆုများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ဆုရရှိကြသူများကိုယ်စား ကဗျာပြိုင်ပွဲတွင် ပထမဆုရရှိသော ဦးသန်းဝင်း (မင်းယဉ်စု)က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

  

ဆုပေးပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆုရရှိကြသူများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးပြီးနောက် ဆုရ(ဓါတ်ပုံ၊ ဝတ္ထုတို၊ ကဗျာ၊ ဆောင်းပါး) များနှင့် လူထုအားကစားလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%A1%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%B7%E1%80%99%E1%80%AC%E1%80%B8%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%E1%80%86%E1%80%AF%E1%81%8A