နေပြည်တော်၊ မတ်လ(၁၈)ရက်။
အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး(ဦးစီးအရာရှိ) လုပ်ငန်းခွင်ဝင်အကြိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန်တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သော ဦးထွန်းမြင့်ဦးနှင့် ဦးမြသန်းထိုက်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူ များ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့် သင်တန်းမှာ ဗဟိုဝန်ထမ်းတက္ကသိုလ်သင်တန်းဆင်းအားကစားမှူးများကို ဌာနခွဲများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တာဝန်မပေးအပ်ခင် လုပ်ငန်းခွင်ဝင်အကြိုသင်တန်းအဖြစ် ပထမဆုံးအကြိမ် ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများသည် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)တွင် (၁၉.၁၁.၂ဝ၁၈)ရက်နေ့မှ (၈.၃.၂ဝ၁၉)ရက်နေ့အထိ ဖွင့်လှစ်တဲ့ အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းကိုလည်း တက်ရောက်ပြီးဖြစ်သောကြောင့် စီမံခန့်ခွဲမှုအပိုင်းများကိုလည်း အတော်အတန်နားလည်ပြီးဖြစ်မယ်လို့ ယုံကြည်ပါကြောင်း၊ ထို့ပြင် သင်တန်းပြီးဆုံး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တာဝန်ပေးအပ်မည့် အားကစားမှူးများသည် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသော အားကစားပိုင်းဆိုင်ရာပညာရပ်များ၊ နည်းစနစ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ၊ အားကစားကွင်း/အားကစားရုံ ထိန်းသိမ်းမှုများ၊ အားကစားအထောက်အကူပြုဆိုင်ရာ စီမံခန့်ခွဲမှုများ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ငန်းရပ်များ၊ ပြိုင်ပွဲကျင်းပရေးနှင့် ပွဲစဉ်ဇယားရေးဆွဲရေးကိစ္စရပ်များ၊ ဘတ်ဂျက်တောင်းခံခြင်းဆိုင်ရာကိစ္စရပ်များ အစရှိသောလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို သိရှိနားလည်ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်များနှင့် ယခုလို လုပ်ငန်းခွင်ဝင် အကြိုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းမှာ သင်ကြားပို့ချ လိုက်သော အားကစားမူဝါဒများ၊ ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ ရုံးလုပ်ငန်းများ၊ ဌာနခွဲများ၏လုပ်ငန်းများ၊ အား/ကာသိပ္ပံကျောင်းများ၏ လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်များ၏ လုပ်ငန်းဆိုင်ရာများကို ကောင်းစွာသိရှိနားလည်ပြီး လုပ်ငန်းခွင်ဝင်ရောက်သည့်အခါ လက်တွေ့အသုံးချနိုင်ရန်အတွက် ဌာနတွင်ရှိသော တာဝန်ရှိပုဂ္ဂိုလ်များမှ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းခံပြီးဖွင့်လှစ်ပို့ချပေးခြင်းဖြစ်သောကြောင့် ယခုသင်တန်းကို ပြီးပြီးရော သဘောမထားဘဲ ကြိုးကြိုးစားစားသင်ယူသွားစေလိုကြောင်း၊ သင်တန်းပြီးဆုံး၍ မိမိတို့တာဝန်ကျရာဒေသများကို ရောက်ရှိသောအခါ ဌာနမှပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ အားကစားကွင်း/အားကစားရုံများ ထိန်းသိမ်းခြင်း၊ အားကစားမျိုးဆက်သစ်များ မွေးထုတ်ပေးခြင်း၊ ပြည်သူလူထုကို အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာအောင် စည်းရုံးခြင်း၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာ ဘာသာရပ်များကို လေ့လာဆည်းပူးကြစေလိုကြောင်း၊ တာဝန်ကျဒေသများမှ ပြည်နယ်အစိုးရများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့်အတူ အဆင်ပြေအောင်ပူးပေါင်းပြီး မိမိတို့၏ အားကစားလုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားရင်း အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါသင်တန်းကို (၁၈.၃.၂ဝ၁၉)ရက်နေ့မှ (၂၉.၃.၂ဝ၁၉)ရက်နေ့အထိ သင်တန်းသား(၁၁) ဦးနှင့် သင်တန်းသူ(၁၇)ဦး စုစုပေါင်း (၂၈)ဦးဖြင့် တက်ရောက်သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။