spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် တက်ရောက်အမှာစကားပြောကြား

၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် တက်ရောက်အမှာစကားပြောကြား

 
 
နေပြည်တော်၊ မတ်လ(၂၁)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကျင်းပသော ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအား ယနေ့ညနေ (၃)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦးနှင့် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊  ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
 
 
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်း ဝင်ရောက်နေရာယူပြီးနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စုဖွားတိုင်းရင်းသား အမျိုးသမီးငယ်လေးများ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားလာစေရေး၊ အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီးဘောလုံးအားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေး၊ မြန်မာအမျိုးသမီးဘောလုံးလောက အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် သွေးသစ်လောင်းနိုင်မည့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေး၊ ကျန်းမာကြံ့ခိုင်သော အမျိုးသမီးများဖြစ်လာစေရေး၊ မြန်မာ့ဘောလုံး အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ဘက်ပေါင်းစုံမှ ယခုလို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး နှင့်ပြည်နယ်ပြိုင်ပွဲသည်လည်း သာမန်အားကစားပြိုင်ပွဲတစ်ရပ်မဟုတ်ဘဲ နိုင်ငံတကာအလယ်တွင် ပြည်သူလူထု မျှော်မှန်းထားသည့်အတိုင်း ဘောလုံးအားကစားနည်းဖြင့် ဂုဏ်ယူဝင့်ကြွားနိုင်ဖို့ အထောက်အကူဖြစ်စေမည့် ပြိုင်ပွဲတစ်ရပ်အဖြစ်မှတ်ယူပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်နေပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားသမားများမှ အဓိကလိုအပ်ချက် တာဝန်တစ်ရပ်အနေဖြင့် အားကြိုးမာန်တက်ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ၌ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသမီးဘောလုံး အားကစားနည်းဖြင့် ကြေးတံဆိပ်(၁)ဆု ဆွတ်ခူးရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် အမျိုးသမီးဘောလုံး အားကစားသမားများ၏ နောင်လာမည့်ပြိုင်ပွဲများတွင် ချန်ပီယံရွှေတံဆိပ်ဆုကို  ဆွတ်ခူးရရှိနိုင်အောင် ယခုကတည်းက အားကြိုးမာန်တက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားဖို့ တိုက်တွန်းမှာကြားလိုကြောင်း၊ အားကစားစိတ်ဓါတ်အပြည့်အဝနှင့် အားသွန်ခွန်စိုက် ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲတွင်လည်း အားကစားသမားကောင်းများ ပီသစွာ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကိုလည်း လေးစားလိုက်နာကြ စေလိုကြောင်း၊ ဒိုင်လူကြီးများအနေနှင့်လည်း ဘက်လိုက်မှုကင်းရှင်းပြီး တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ကြစေလိုကြောင်း၊ အားကစားပြိုင်ပွဲများမှတဆင့် ပြည်ထောင်စုစိတ်ဓါတ်ကို ရယူတည်ဆောက်ပြီး မြန်မာ့ဘောလုံး အားကစားလောကတိုးတက်မြင့်မားလာစေရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြပါလို့ တိုက်တွန်းမှာကြားရင်း ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် အသက်(၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။
 
 
ဆက်လက်၍  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများသည် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ကရင်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ် အသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းအား (၄)ဂိုး၊ (၂) ဂိုးဖြင့် အနိုင်ရရှိသွား ကြောင်းသတင်း ရရှိပါသည်။
 
 
ထို့နောက် ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း (၁) နှင့် (၃) တို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသင်း(၁၅)သင်း၊ အားကစားသမား (၃၃၇) ဦးတို့သည် (၂၁.၃.၂ဝ၁၉) ရက်နေ့ မှ (၃.၄.၂ဝ၁၉)ရက်နေ့အထိ အသီးသီးယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%82%E1%81%85%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2