ရန်ကုန်၊ မတ် ၂၂။
မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းသည် အိန္ဒိယနိုင်ငံ ဘိုပယ်လ်မြို့ Upper Lake ၌ မတ် ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် The International Canoe Sprint Competition in Bhopal / India ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် မတ် ၂၁ နံနက် ၁၁ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသော မြန်မာကနူး/ ကယက်လှေလှော်အဖွဲ့အား ပို့ဆောင်နှုတ်ဆက်ခဲ့သည်။
မြန်မာအသင်းကို တပ်ကြပ်ကြီးသူရဟန် (ကာကွယ်ရေး၀န်ကြီးဌာန)က အုပ်ချုပ်သူ/ နည်းပြအဖြစ် ဦးဆောင်မည်ဖြစ်ပြီး ကနူးလှေကစားသမား မျိုးလှိုင်၀င်းနှင့် ကယက်လှေကစားမယ် ခိုင်ခိုင်ထွန်းထွေးတို့ ပါ၀င်မည်ဖြစ်သည်။
မျိုးလှိုင်၀င်းသည် ကနူးလှေ တစ်ယောက်လှော်ပြိုင်ပွဲ ( C- 1) ၏ မီတာ ၂၀၀၊ မီတာ ၅၀၀ နှင့် မီတာ ၁၀၀၀ စသည့် ပွဲစဉ််သုံးမျိုး၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ခိုင်ခိုင်ထွန်းထွေးကမူ ကယက်လှေ တစ်ယောက်လှော်ပြိုင်ပွဲ (K-1)၏ မီတာ ၂၀၀ နှင့် မီတာ ၅၀၀ ပွဲစဉ်တို့တွင် ပါ၀င်ယှဉ်ပြိုင်မည်ဖြစ်သည်။
ယခုပြိုင်ပွဲသည် အလွတ်တန်းပြိုင်ပွဲဖြစ်ပြီး အာရှနှင့်ဥရောပဒေသများမှ ပြိုင်ပွဲ၀င် နိုင်ငံပေါင်း ၂၀ ကျော် ပါ၀င်ယှဉ်ပြိုင်ကြမည်ဟုလည်း သိရသည်။ မြန်မာအသင်း အုပ်ချုပ်သူနှင့် နည်းပြဖြစ်သည့် တပ်ကြပ်ကြီး သူရဟန်က ယခုပြိုင်ပွဲသည် မြန်မာကစားသမားများအတွက် အတွေ့အကြုံကောင်းများ ရရှိစေမည့်ပြိုင်ပွဲဟု ဆိုထားသည်။
မြန်မာလှေအဖွဲ့သည် အိန္ဒိယနိုင်ငံသို့ မလေးရှားနိုင်ငံမှတစ်ဆင့် သွားရောက်ခြင်းဖြစ်ပြီး ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့်အတူ အဖွဲ့ချုပ်အတွင်းရေးမႉး ဦးသက်လွင်လည်း လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်း သိရသည်။