ရခိုင် မတ်လ ၂၄ ရက်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်နှင့် မြို့နယ်တို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ အခြေခံအားကစား သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ(၃)နာရီ အချိန်ခန့်က မြို့မအားကစား မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ဖြစ်သော လူငယ်လူရွယ်များ၊ နွေရာသီအားလပ်ရက် အခြေခံအားကစားနည်းစနစ်များကို သိရှိပြီး လေ့လာလိုက်စားလာစေရန်၊ မူးယစ်ဆေးဝါးကင်းစင်၍ ကျန်းမာ ပျော်ရွှင်စွာဖြင့် သင်တန်းတက်ရောက်ပြီး ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြို့နယ်နှင့် ခရိုင် ကိုယ်စားပြု ထူးချွန်သည့် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ ခရိုင်ပညာရေးမှူး ဦးခင်အောင်၊ ခရိုင် မီးသတ် ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်စင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ ခရိုင်/မြို့နယ် အား/ကာမှူးများနှင့် တာ၀န်ရှိသူများက ဂုဏ်ပြုလက်ဆောင်များကို အဖွဲ့တစ်ဖွဲ့ချင်းထံ အသီးသီးပေးအပ်ခဲ့သည်။ ဆက်လက်၍ Fitness Dance အဖွဲ့နှင့် ကာရာတေးဒိုအဖွဲ့တို့မှ သရုပ်ဖော်ပြသခဲ့သည်။ သင်တန်းတွင် အခြေခံကစားနည်း(၈) မျိုးဖြစ်သော (ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ကရာတေးဒို၊ ကာယဗလ၊ Fitness Dance)များကို နှစ်ပတ်ကြာ သင်တန်းပို့ချပေးခဲ့ပြီး စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၁၅၀)ကျော် တက်ရောက်နိုင်ခဲ့ပြီး အခြေခံ အားကစား နည်းစနစ်များကို သင်ကြားတတ်မြောက်ခဲ့ကြကြောင်း သိရသည်။
crd to: MOI Webportal Myanmar