spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အာရှ ယူ-၂၃ ဘော်လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

အာရှ ယူ-၂၃ ဘော်လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

နေပြည်တော်၊  မတ် ၂၇

၂၀၁၉ အာရှ ယူ-၂၃ ဘော်လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို သြဂုတ် ၃ ရက်မှ ၁၁ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။

အာရှဘော်လီဘောအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို နှစ်နှစ်လျှင်တစ်ကြိမ်ကျင်းပခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် စတင်ကျင်းပခဲ့ကာ မြန်မာနိုင်ငံအနေဖြင့် ဒုတိယအကြိမ် လက်ခံကျင်းပခွင့်ရခြင်းဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် ပထမအကြိမ် လက်ခံကျင်းပခဲ့သည်။

ယခုနှစ်ပြိုင်ပွဲကို အသင်း ၁၆ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး အချို့ဇုန်များမှာ လက်ရည်စစ်ပွဲ ပြီးစီးခြင်းမရှိသေး သောကြောင့် အသင်းများထွက်ပေါ်လာခြင်း မရှိသေးပေ။ ယင်းပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို မတ် ၂၆ ရက်က ပြုလုပ်ခဲ့ပြီး မြန်မာအသင်းသည် အုပ်စု(က)တွင်ကျရောက်ခဲ့သည်။

အုပ်စုခွဲဝေထားမှုအရ အုပ်စု(က)တွင် မြန်မာ၊ သြစတြေးလျ၊ သီရိလင်္ကာ၊ အရှေ့အာရှဇုန်မှတစ်သင်း (ဟောင်ကောင်/ မကာအို)၊ အုပ်စု(ခ)တွင် ကာဇက်စတန်၊ အနောက်အာရှ ဇုန်မှတစ်သင်း (ဘာရိန်း၊ ဆော်ဒီ၊ ပါလက်စတိုင်း၊ ကာတာ၊ ကူဝိတ်၊ အီရတ်၊ ယူအေအီး)၊ ဂျပန်၊ ဗီယက်နမ်၊ အုပ်စု(ဂ)တွင် တရုတ်(တိုင်ပေ)၊ ပါကစ္စတန်၊ အနောက်အာရှဇုန်မှ နှစ်သင်း (ဘာရိန်း၊ ဆော်ဒီ၊ ပါလက်စတိုင်း၊ ကာတာ၊ ကူဝိတ်၊ အီရတ်၊ ယူအေအီး)၊ အုပ်စု(ဃ)တွင် တရုတ်၊ နယူးဇီလန်၊ ထိုင်း၊ အလယ်ပိုင်းဇုန်မှ တစ်သင်း(အိန္ဒိယ၊ တာ့ခ်မင်နစ္စတန်)တို့ ပါဝင်နေသည်။ ယင်းပြိုင်ပွဲတွင် နှစ်ကြိမ်ဆက်တိုက် ဗိုလ်စွဲထားသည့် အီရန်အသင်းသည် ယခု နှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ နုတ်ထွက်သွားကြောင်း သိရသည်။

မြန်မာဘော်လီဘောအသင်းသည် ပထမအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ပြီး အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၁၅ ပြိုင်ပွဲတွင် အဆင့်(၅)နေရာရခဲ့ပြီး ၂၀၁၇ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပေ၊ မြန်မာအသင်းသည် ယခုပြိုင်ပွဲယှဉ်ပြိုင်ရန် ပဏာမကစားသမားများ ရွေးချယ်ကာ ပြင်ဆင်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဦးကျော်စွာဝင်းက ကိုင်တွယ်နေသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE-%E1%80%9A%E1%80%B0-%E1%81%82%E1%81%83-%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%AD%E1%80%AF-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%80-%E1%80%A1%E1%80%AD%E1%80%99%E1%80%BA%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%A1%E1%80%96%E1%80%BC%E1%80%85%E1%80%BA-%E1%80%9C%E1%80%80%E1%80%BA%E1%80%81%E1%80%B6%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%99%E1%80%8A%E1%80%BA