နေပြည်တော်၊ မတ်လ(၂၈)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ယနေ့ နံနက်(၇:ဝဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ရှမ်းပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကြရာ ရှမ်းပြည်နယ်အသင်းမှ ပဲခူးတိုင်းဒေသကြီး အသင်းအား (၅)ဂိုး-(၁)ဂိုးဖြင့်လည်းကောင်း၊ ညနေ(၄)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (၁)၌ ကချင်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ ကချင်ပြည်နယ်အသင်းမှ ကယားပြည်နယ်အသင်းအား (၄)ဂိုး-(၂)ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ချင်းပြည်နယ်အသင်းအား (၁၁)ဂိုး-(၁)ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
(၂၉.၃.၂ဝ၁၉)ရက်နေ့တွင် ပြိုင်ပွဲများနားမည်ဖြစ်ပြီး (၃ဝ.၃.၂ဝ၁၉)ရက်နေ့တွင် ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် နံနက်(၇:ဝဝ)အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ကရင်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့သည်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ မွန်ပြည်နယ်အသင်းနှင့် နေပြည်တော်အသင်းတို့သည် လည်းကောင်း၊ ညနေ(၃:၃ဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ရှမ်းပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(၃)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။