spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အောင်ပွဲရ ပြေးခုန်ပစ်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

အောင်ပွဲရ ပြေးခုန်ပစ်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

ရန်ကုန်၊ ဧပြီလ(၁)ရက်။

စင်ကာပူနိုင်ငံတွင် မတ်လ(၂၈)ရက်မှ (၂၉)ရက်နေ့အထိ  ကျင်းပခဲ့သည့် (၈၁)ကြိမ်မြောက် စင်ကာပူအလွတ်တန်းဖိတ်ခေါ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၆)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၂)ခု ဆွတ်ခူးရရှိခဲ့ကြသည့် နည်းပြချုပ်၊ နည်းပြများ၊ အုပ်ချုပ်သူနှင့်အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ည (၆)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရုံးဟောင်း)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊  အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊  မြန်မာနိုင်ငံပြေးခုန်ပစ် အားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးရှိန်ဝင်း၊ ဒုတိယဥက္ကဌ ဦးသာအောင် နှင့် မြန်မာနိုင်ငံပြေးခုန်ပစ် အားကစားအဖွဲ့ချုပ်မှအမှုဆောင်များ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆုရအားကစားသမားများ တက်ရောက် ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံပြေးခုန်ပစ်အားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးရှိန်ဝင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးတို့က ဂုဏ်ပြု အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အောင်ပွဲရ မြန်မာအားကစားသမား ရွှေတံဆိပ်ဆုများရရှိခဲ့ကြသည့် မြင့်မြင့်အေး (မီတာ၅ဝဝ၊မီတာ၁ဝဝဝဝ)၊ အေးအေးအောင် (မီတာ ၁၅ဝဝ)၊ အေးအေးမြို့ (မီတာ ၃ဝဝဝ  တားဆီးကျော်)၊ သန်းသန်းစိုး( ၂ဝ ကီလိုမီတာ လမ်းလျှောက်)၊ ရဲထက်အောင် (ကြိုးတပ်သံလုံးပစ်)၊ ငွေတံဆိပ်ဆုရ ဇာနည်ထွန်း (မီတာ ၅ဝဝဝ)၊ ကြေးတံဆိပ်ဆုရ ဖြိုးကျော်ဇင်ဦး(မီတာ ၁၅ဝဝ)၊ အေးအေးအောင်(မီတာ ၈ဝဝ)တွင် ဆုရရှိသူများနှင့် နည်းပြချုပ်၊ နည်းပြများအား၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဌဦးရှိန်ဝင်းနှင့် ဒုတိယ ဥက္ကဌ ဦးသာအောင်တို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါဂုဏ်ပြုဆုတွင် ရွှေတံဆိပ် တစ်ဆုလျှင် ငွေကျပ်(၂)သိန်း၊ ငွေတံဆိပ် တစ်ဆုလျှင် ငွေကျပ်(၁)သိန်း(၅)သောင်း၊ ကြေးတံဆိပ် တစ်ဆုလျှင် ငွေကျပ်(၁)သိန်း၊ အသင်းအုပ်ချုပ်သူ အဖွဲ့ခေါင်းဆောင်နည်းပြချုပ် ဦးကျော်ခင်အား ငွေကျပ်(၃)သိန်းနှင့် နည်းပြများအား (၁)သိန်းစီ ချီးမြှင့်ခဲ့ကြောင်း သိရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9B-%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%81%E1%80%AF%E1%80%94%E1%80%BA%E1%80%95%E1%80%85%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%82%E1%80%AF%E1%80%8F%E1%80%BA%E1%80%95%E1%80%BC%E1%80%AF%E1%80%81%E1%80%BB%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%BE%E1%80%84%E1%80%BA%E1%80%B7